ရခိုင်ပြည်၊ အမ်းမြို့နယ်အတွင်းက စစ်ဘေးရှောင်များသည် စားဝတ်နေရေး ကျပ်တည်းမှုနှင့် ရင်ဆိုင်ကြုံနေရပြီး အကူအညီအထောက်အပံ့မရတာကြောင့် ဆန်ပြုတ်စားနေရကြောင်း စစ်ဘေးရှောင်အရေးကူညီနေသူများထံမှ သိရသည်။
အမ်းမြို့နယ်ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီးဖြစ်သော်လည်း စစ်ဘေးရှောင်များမှာ စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်၊ မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ်များကြောင်း နေရပ်ပြန်ရန် ခက်ခဲနေဆဲ ဖြစ်သည်ဟု ပြောဆိုကြသည်။
စစ်ဘေးရှောင်နေချိန် ရက်တာရှည်လာသည်နှင့်အမျှ အလုပ်အကိုင်ရှားပါးမှု ကုန်ဈေးနှုန်းမြင့်မားမှုဒဏ်ကို ဆိုးရွားစွာခံနေကြရပြီး နိုင်ငံတကာနှင့် အခြားအရပ်ဘက်အဖွဲ့အစည်းများထံမှလည်း အကူအညီအထောက်အပံ့ မရှိသဖြင့် စစ်ဘေးရှောင်အချို့မှာ ဆန်ပြုတ်စားနေရခြင်း ဖြစ်သည်။
“စစ်ဘေးရှောင်တွေထဲက လက်လုပ်လက်စားဘဝနဲ့ အလုပ်လိုက်မမီတဲ့သူတွေက ဆန်ပြုတ်စားနေရတဲ့ အနေအထားမှာ ရှိပါတယ်” ဟု စစ်ဘေးရှောင်အရေးကူညီပေးနေသူတစ်ဦးက ပြောသည်။
ရွာသာယာ၊ မီးလောင်ချောင်း၊ အောက်ရွာ၊ ဆင်တိုး၊ ကျားမောက်၊ ဒိုင်းကြီး၊ ကျင်းကုန်း စသည့် ကျေးရွာများက စစ်ဘေးရှောင်များမှာ မြို့အနီးပတ်ဝန်ကျင်ရှိ လုံခြုံမည့်နေရာအသီးသီးရှိ ဘုန်းတော်ကြီးကျောင်းနှင့် အခြားနေရာများတွင် စစ်ဘေးရှောင် ထောင်နှင့်ချီ နေထိုင်ကြခြင်း ဖြစ်သည်။
ထို့အတူ အမ်းချောင်းဖျား ကျေးရွာများ၊ ကွင်းချောင်းနှင့် ဒါးလက်ချောင်းကြောင်း တလျှောက်တွင်လည်း နေထိုင်လျက်ရှိကြသည်။ လက်ရှိ စစ်ဘေးရှောင်များ နေထိုင်လျက်ရှိရာ နေရာများမှာ ဝေလံခေါင်ဖျားပြီး လမ်းခရီးခက်ခဲသဖြင့် အခြေခံကုန်ဈေးနှုန်းများသည်လည်း မြင့်တက်နေကြောင်း ဒေသခံများက ပြောသည်။
“ဆန်တစ်အိတ်ဝယ်လို့ ၇ သောင်းကျပ်ကျရင် သယ်ယူစရိတ်တွေနဲ့ အနည်းဆုံး တစ်သိန်းခွဲလောက် ဖြစ်သွား တယ်။ ဒါကြောင့် အလုပ်အကိုင်အကူအညီ အထောက်အပံ့မရှိတဲ့ စစ်ဘေးရှောင်တွေမှာ ပိုပြီးတော့ အခက်အခဲ ရောက်နေကြတယ်” ဟု အမ်းမြို့ခံအမျိုးသားတစ်ဦးက ပြောသည်။
တစ်ဖက်တွင်လည်း စစ်ဘေးရှောင်များမှာ ဆေးဝါး၊ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် အမျိုးသမီး လစဉ်သုံး ပစ္စည်းများလည်း လိုအပ်ချက်များရှိနေကြောင်း သိရသည်။
ယင်းအထဲတွင် အမ်းမြို့နယ်မှ စစ်ဘေးရှောင် ၂,၀၀၀ ကျော်သည်လည်း လူသားချင်းစာနာထောက်မှုဆိုင်ရာ အကူအညီရရှိမှု နည်းပါးသဖြင့် ကျန်းမာရေးအပြင် စားဝတ်နေရေးအကျပ်အတည်းများ ရှိနေသည်။
“ကျန်းမာရေး ချို့တဲ့ချက်တွေနဲ့ထပ်တူ စားဝတ်နေရေးမှာလည်း အခက်အခဲတွေအများကြီး ရှိပါတယ်။ အလှူရှင်တွေက မရောက်နိုင်တဲ့အခါကြတော့ ကြုံသလို ဖြေရှင်းနေကြရတာရှိတယ်။ ပြီးရင် တချို့ဆိုရင် တောတောင်တွေထဲမှာ ယာယီတဲထိုးပြီး ခက်ခက်ခဲခဲဖြတ်သန်းနေကြတာတွေ အများကြီး မြင်တွေ့ရတယ်” ဟု အမ်းမြို့နယ်က လေးဝတီမျိုးချစ်လူငယ်ပရဟိတအသင်းတာဝန်ခံ ကိုနိုင်နိုင်ဇော်က ပြောသည်။
အာရက္ခတပ်တော် AA သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်တွင် အမ်းမြို့နယ်တစ်ခုလုံးကို သိမ်းပိုက် ထိန်းချုပ်ထားခဲ့ခြင်းဖြစ်ပြီး စစ်ဘေးရှောင်များမှာ နေရပ်ပြန်နိုင်ရေးကို လိုလားနေကြသည်။
အောင်ထိန် (DMG) ပေးပို့သည်။