စစ်ကိုင်းတိုင်းအထက်ပိုင်း ဗန်းမောက်မြို့နယ်နှင့် အင်းတော်မြို့နယ်အစပ်ဖြစ်သည့် သောင်ကြီးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းမှ ညနေပိုင်းအထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။
“ လက်နက်ကြီးသံတွေပဲ ကြားရတယ် ၊ အသေးသံတော့ မကြားရဘူး။ မနက်ကတည်းက ဖြစ်နေတာ ညနေ ၃ နာရီ လောက်မှ တိတ်သွားတယ်” ဟု ဗန်းမောက်မြို့အနီး ကျေးရွာမှ ဒေသခံတစ်ဦးက ပြောဆိုသည်။
စစ်ကောင်စီတပ်နှင့် နီးစပ်သည့် ဗန်းမောက်ဒေသခံတစ်ဦးက တိုက်ပွဲဖြစ်သည်မှာ မှန်ကန်ကြောင်းနှင့် အခြေအနေကို မသိရသေးကြောင်း အခုလို ပြောပါသည်။
“ ကျွဲကော၊ ခေါင်းကိုက်၊ မြသီတာ၊ သောင်ကြီး အဲ့ဒီဘက်တွေ တပ်ဘက်က နယ်မြေရှင်းလင်းရေးတွေ လုပ်နေကြတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့က မိုင်းခွဲခံရသော တုံစီတံတားအား စစ်ကောင်စီဘက်က ပြန်လည်ပြုပြင်နေသဖြင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းလည်း ဗန်းမောက်ဒေသခံများက ပြောဆိုသည်။
အောက်တိုဘာလ ၃ ရက်က ကြောင်လည်ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၂၅၀၀ အကွာတွင် စစ်ကောင်စီ တပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် KIA၊ ဒေသကာကွယ်ရေးတပ် PDF အဖွဲ့တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီ၏ တယ်လီဂရမ်ချန်နယ် တချို့တွင် ဖော်ပြထားသည်ကို တွေ့ရသည်။
ကြောင်လည်ဒေသစိတ်မှ ကျေးရွာသားတစ်ဦးက “ မံလူ ဘုရားကုန်းနားမှာ ဖြစ်တာ ဟုတ်တယ်။ စကစဘက်က လက်လုပ်ပြောင်းတစ်ပြောင်း ရတယ်လို့ သိရတယ်” ဟု ပြောသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ တစုံတရာ ထုတ်ပြန် ပြောဆိုထားခြင်း မရှိသကဲ့သို့ ဆက်သွယ်မေးနိုင်ခြင်း မရှိသေးပါ။
အင်းတော်မြို့နယ်နှင့် ဗန်းမောက်မြို့နယ်တို့သည် ကချင်ပြည်နယ်နှင့် ထိစပ်လျှက်ရှိသော မြို့နယ်များ ဖြစ်သောကြောင့် စစ်ရေးအရ အရေးပါသော ဒေသများဖြစ်သောကြောင့် စစ်ကောင်စီ တပ်မ (၇၇) အထိုင်ချ လှုပ်ရှားနေသော ဒေသတစ်ခုလည်း ဖြစ်သည်။
ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။