ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းနယ်စပ် မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ KIA ထိန်းချုပ်ထားသည့် ကျေးရွာများမှ အခြေခံစာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဒေသခံရပ်မိ/ရပ်ဖများ ပြောဆိုမှုအရ သိရသည်။
စစ်ကိုင်း – ကချင်နယ်စပ်က ကျေးရွာများသည် ပြီးခဲ့သည့်စာသင်နှစ်၌ အခြေခံပညာသင်ကျောင်းများ ဖွင့်လှစ်ခဲ့သော်လည်း တိုက်ပွဲများကြောင့် ခေတ္တပိတ်ထားခဲ့ရာမှ ယခုနှစ်တွင် KIA ၏ ခွင့်ပြုမှုဖြင့် ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။
ပညာရေးဌာနနဲ့နီးစပ်သူတစ်ဦးက “မိုင်းပုတ်တို့၊ တုံပင်တို့ ရွာဘက်တွေကလည်း မိုးညှင်းကိုလာကြတယ်။ ရပ်မိ/ရပ်ဖတွေက ပညာရေးမှူးဆီကို ဆရာဆရာမတွေကို ပြန်လွှတ်ပေးဖို့။ သူတို့တွေတာဝန်ယူမယ် ဘာမှ မဖြစ်စေရဘူးဆိုပြီး၊ သူတို့တခါလာသွားပြီးပြီ လုံခြုံရေးမယူပေးနိုင်လို့ ဒီက (ပညာရေးမှူး) ဘက်က မပေးလိုက်ဘူး။ အခုတခေါက်ကတော့ KIA ကလည်း ခွင့်ပြုတယ်ထင်တယ်” ဟု ပြောဆိုသည်။
အင်းတော်ကြီးဒေသ၏ ရှစ်ဆယ်ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည့် KIA၊ PDF များက စစ်ကောင်စီ၏ ကျောင်းများကို ဖွင့်လှစ်ခွင့်ပိတ်ပင်လိုက်ပြီး ၎င်းတို့က ဆက်လက်တာဝန်ယူသွားမည်ဖြစ်ကြောင်း ရပ်ရွာများကို အစည်းအဝေးတရပ်ပြုလုပ်ပြီး ကနဦးက ပြောဆိုထားခဲ့သည်။
သို့သော်လည်း လက်ရှိအချိန်တွင် စာသင်ကျောင်းများကို စစ်ကောင်စီလက်အောက် ပညာရေးဝန်ထမ်းများဖြင့် ဖွင့်လှစ်နိုင်ကြောင်း အသိပေးလာသည့်အတွက် ဆရာ/ဆရာမများကို ပြန်လည်ခေါ်ယူမှုများ ပြုလုပ်လာသည်ဟု အင်းတော်ကြီးဒေသခံများ ပြောဆိုမှုအရ သိရသည်။
စစ်ကိုင်းတိုင်းဘက်ခြမ်း ဟုမ္မလင်းမြို့နယ်ရှိ နမ့်နစ်၊ ပက္ကလာ၊ ပါဟုတ်ကြီး စသည့် ကျေးရွာများမှ စာသင်ကျောင်းများမှာ ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။
အင်းတော်ကြီးဒေသတွင် အထကကျောင်း (၁၀) ကျောင်း၊ အလကျောင်း (၉) ကျောင်းနှင့် မူလတန်း၊ မူလတန်းကြိုကျောင်း စုစုပေါင်း ၅၉ ကျောင်းအထိရှိပြီး နှစ်စဉ် ကျောင်းသား/ကျောင်းသူ တစ်သောင်းနီးပါး စာသင်ကြားနေကြသည်။
ရှမ်းနီအသံ ပေးပို့သည်။