5 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းအကျဥ်းထောင်များအတွင်း အကျဥ်းကျခံနေရသည့် သတင်းသမား ၄၃ ဦးရှိကြောင်း IPCM ပြောဆို

အကျဥ်းထောင်များအတွင်း အကျဥ်းကျခံနေရသည့် သတင်းသမား ၄၃ ဦးရှိကြောင်း IPCM ပြောဆို

စစ်အာဏာသိမ်းကာလ ၄ နှစ်နီးပါးအတွင်း သတင်းသမား ၂၀၀ ကျော်သည် စစ်ကောင်စီ၏ လိုက်လံဖမ်းဆီးခြင်းခံခဲ့ရပြီး လက်ရှိ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့အထိ နိုင်ငံတဝန်းရှိ အကျဥ်းထောင်များအတွင်း အကျဥ်းကျခံနေရသည့် သတင်းသမား ၄၃ ဦးရှိသည်ဟု လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) က သတင်းထုတ်ပြန် ပြောဆိုသည်။

IPCM ၏ ဇန်နဝါရီ ၂၆ ရက်နေ့ ထုတ်ပြန်ချက်အရ အကျဥ်းကျခံနေရသည့် သတင်းသမားများထဲတွင် အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် အနိမ့်ဆုံးထောင်ဒဏ် (၁၀) နှစ် ချမှတ်ခံထားရသည့် သတင်းသမား ၁၁ ဦးရှိနေပြီး ကျန်သူများမှာ ထောင်ဒဏ် ၁၀ နှစ်မှ ၃ နှစ်ကြား ပစ်ဒဏ်ချမှတ်ခံထားရသူများ ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် သတင်းလုပ်ငန်းလုပ်ကိုင်နေစဥ် စစ်ကောင်စီက ဖမ်းဆီးနှိပ်စက် သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရသည့် သတင်းသမား ၇ ဦး အထိ ရှိလာပြီဖြစ်ကြောင်း IPCM ၏ သတင်းထုတ်ပြန် ဖော်ပြချက်အရ သိရသည်။

IPCM ဥက္ကဌ နန်းဖော့ဂေက “သတင်းမီဒီယာနဲ့ သတင်းသမားတွေအတွက် ရှေ့ဆက်ကြုံတွေ့ရဦးမှာက လုပ်ငန်းရပ်တည်ရေးနဲ့ လုံခြုံရေး ဖြစ်ပါတယ်။ လုပ်ငန်းလည်ပတ်မှုတွေ မြန်မာမီဒီယာအသီးသီး ခက်ခဲကျပ်တည်းမှု ရှိလာနိုင်တဲ့အပြင် ကျင့်ဝတ်နဲ့အညီ လွတ်လပ်စွာ သတင်းရေးသားတင်ဆက်မှုမှာလည်း လုံခြုံရေးအရ စိန်ခေါ်မှုတွေလည်း ပိုရင်ဆိုင်ရလာနိုင်မယ်လို့ မြင်မိတယ်” ဟု ပြောဆိုသည်။

ထို့အပြင် IPCM က သတင်းလွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကာကွယ်မြှင့်တင်ရန်နှင့် မီဒီယာအလုပ်ကို လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်ရေးအတွက် အဖွဲ့အစည်းအသီးသီးက အလေးထားလုပ်ဆောင်ပေးကြရန်လည်း ထုတ်ပြန်တောင်းဆိုထားသည်။

လက်ရှိကာလတွင် အကြီးအကျယ် ခြိမ်းခြောက်ခံနေရသည့် သတင်းလွတ်လပ်စွာထုတ်ဖော်ခွင့်၊ သတင်းသမားများ သတင်းအလုပ်ကို လွတ်လပ်စွာရယူနိုင်ရေးနှင့် ယင်းတို့ကိုအကာအကွယ်ပေးမှု မြှင့်တင်ရေးအတွက် အထူးသဖြင် လက်နက်ကိုင်ဆောင်ထားသည့် အဖွဲ့အစည်းများအပါအဝင် အဖွဲ့အစည်းအသီးသီးက အလေးထားလုပ်ဆောင်ပေးကြရန် IPCM က တောင်းဆိုခြင်း ဖြစ်သည်။

“သတင်းမီဒီယာသမားတွေအတွက် တခုတည်းသောကာကွယ်မှုကတော့ သတင်းမီဒီယာကျင့်ဝတ်ပါပဲ။ ဒါ့အပြင် သတင်းထောက်တွေ သတင်းမီဒီယာအလုပ်ကို အမှီအခိုကင်းကင်းနဲ့ လွတ်လပ်လုံခြုံစွာ လုပ်ဆောင်နိုင်ခွင့်ကတော့ အထူးသဖြင့် လက်နက်ကိုင်ဆောင်ထားတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပိုပြီး တာဝန်ယူကာကွယ်ပေးတာမျိုး၊ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေ၊ ရုပ်ပိုင်းအကြမ်းဖက်မှုတွေ မရှိအောင် အာမခံပေးတာမျိုး ပူးပေါင်းဆောင်ရွက် ကူညီစေချင်ပါတယ်” ဟု IPCM ဥက္ကဌ နန်းဖော့ဂေက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက ပြည်သူများအပေါ် ကျူးလွန်နေသည့် အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်နေရမှုများကို သတင်းရယူကာ အရှိအတိုင်း တင်ဆက်နေမှုကြောင့် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် ပိတ်သိမ်းခြင်းခံရသည့် ပြည်တွင်းအခြေစိုက်မီဒီယာ (၁၅) ခု ရှိပြီဖြစ်ကြောင်း IPCM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုမျှသာမက စစ်ကောင်စီက သတင်းမီဒီယာဆိုင်ရာ ဥပဒေများကိုလည်း တဖက်သတ်ပြုပြင် ပြဌာန်းခဲ့ပြီး သတင်းကျင့်ဝတ်နှင့်အညီ လုပ်ကိုင်နေကြသည့် သတင်းသမားများအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ အပါအဝင် အခြားသောပုဒ်မများဖြင့် ဖမ်းဆီးထောင်ချမှုကို ယနေ့အထိတိုင် လုပ်ကိုင်လျက်ရှိသည်ဟု IPCM က ပြောဆိုသည်။

IPCM က ထိုသို့သတင်းမီဒီယာသမားများ လက်လွတ်စပယ်ဖမ်းဆီး ထောင်ချခံနေရခြင်းနှင့် နှိပ်စက်သတ်ဖြတ်ခံနေရခြင်းအပေါ် ဆန့်ကျင်ရှုတ်ချသလို ကျူးလွန်သူများအား တာဝန်ခံမှုရှိကြရန်လည်း ထုတ်ပြန်ချက်အတွင်း ထည့်သွင်းတောင်းဆိုထားသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလပိုင်းက အတည်ပြုဖွဲ့စည်းခဲ့သော IPCM အနေဖြင့် မျက်မှောက်ပဋိပက္ခအခြေအနေတွင် ကရင်အမျိုးသားအစည်းအရုံး – KNU ကဲ့သို့ နယ်မြေဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြောဆိုမှုများပြုလုပ်ကာ သတင်းသမားများ လွတ်လပ်စွာ သတင်းလိုက်လံရယူနိုင်ရေးအပါအဝင် သတင်းမီဒီယာသမားတို့၏ အခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။

KIC ပေးပို့သည်။