26 ဇွန် 2025 /

See today's Peace Related News

Homeသတင်းဟုမ္မလင်းမြို့ရှိ စာသင်ကျောင်းတချို့ အခမဲ့ပေးသည့်ကျောင်းဝတ်စုံနှင့် သင်ရိုးညွှန်းတမ်းဖတ်စာအုပ်များ မရရှိကြ

ဟုမ္မလင်းမြို့ရှိ စာသင်ကျောင်းတချို့ အခမဲ့ပေးသည့်ကျောင်းဝတ်စုံနှင့် သင်ရိုးညွှန်းတမ်းဖတ်စာအုပ်များ မရရှိကြ

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ စာသင်ကျောင်းတချို့သည် ပညာရေးဝန်ကြီးဌာနက ကျောင်းအပ်နှံစဉ် အခမဲ့ပေးဝေသည့် ကျောင်းဝတ်စုံများနှင့် သင်ရိုးညွှန်းတမ်းဖတ်စာအုပ်များကို မရရှိခဲ့ကြကြောင်း ဒေသခံတို့ထံမှ စုံစမ်းသိရသည်။

ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာအုပ်စုအတွင်းရှိ မူလတန်းကျောင်းတချို့အပါအဝင် ဥရုချောင်းရိုးတလျှောက်ရှိ စာသင်ကျောင်းများ ယခုစာသင်နှစ်သာမက နှစ်စဉ်တိုင်းလည်း မရရှိကြကြောင်း ကျောင်းကော်မတီများပြောဆိုမှုအရ သိရသည်။

“မြို့နယ်က ဘာမှမလုပ်ပေးဘူး။ ဒီပြင်တစ်နိုင်ငံလုံးက ကျောင်းတွေတော့ဗျာ ဝတ်စုံတွေပေး၊ စာအုပ်တွေပေးပေါ့။ မနှစ်ကလည်း စာအုပ်ဆိုရင် သေနတ်မှန်ပြီးသားတွေ ရေစိုတာတွေလို အများကြီးပျက်စီးပြီးတော့ ကျွန်တော်တို့ သွားထုတ်တာကိုး။ ဒီနှစ်ကတော့ မရလောက်ဘူးလား ၊ ရမလား မသိဘူး။ ကျောင်းအုပ်ပြောတာကတော့ မရနိုင်ဘူးတဲ့” ဟု နောင်ပိုအောင်ကျေးရွာအုပ်စုရှိ ကျောင်းကော်မတီဝင်တစ်ဦးက ပြောသည်။

ယခု ၂၀၂၅ ခုနှစ် မေလ ၂၂ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးအတွက် စစ်ကောင်စီက သတ်မှတ်ထားပြီး ကျောင်းအပ်စတင်လက်ခံသော်လည်း အခမဲ့ထောက်ပံ့ပေးရမည့် ကျောင်းသုံးဖတ်စာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ကျောင်းတွင်တစ်ခုမျှရှိမနေသေးကြောင်း ၎င်းက ဆက်ပြောပါသည်။

ယင်းအပြင် ဟုမ္မလင်းမြို့နယ်ထဲက စာသင်ကျောင်းတချို့ကို ပညာရေးဝန်ကြီးက ထောက်ပံ့ရာ၌လည်း သင်ရိုးညွှန်းတမ်း ဖတ်စာအုပ် ၆ အုပ်တွင် ၄ အုပ်သာ ရရှိသည့်ကျောင်းများလည်း များစွာရှိနေကြောင်း သိရသည်။

“ဖတ်စာအုပ်ဆိုရင်လည်း ၆ အုပ်ဆိုရင်လည်း ၄ အုပ်ပဲ ရတယ်။ ဘယ်လိုဖြတ်တောက်တာလည်း မသိဘူး” ဟု ၎င်းက ဆက်ပြောသည်။

ဟုမ္မလင်းမြို့နယ်အတွင်း သင်ရိုးညွှန်းတမ်းစာအုပ်လျှင် ၆ ဘာသာအတွက် တစ်စုံလျှင် တစ်သိန်းကျပ်မှ တစ်သိန်းခွဲ အထိ စျေးပေါက်နေသည်ဟုလည်း ကျောင်းသားမိဘတစ်ဦးက ပြောသည်။

“အပြင်မှာစာအုပ်တွေက တစ်သိန်းကနေတစ်သိန်းခွဲ၊ မူလတန်းဖတ်စာအုပ် အစုံပေါ့ဆရာ၊ အခုက တအား စျေးကြီးတယ်လို့ ပြောရမှာ။ ရှိတဲ့သူအတွက်က မဟုတ်ပေမယ့် မရှိတဲ့သူတွေ မတတ်နိုင်တဲ့သူတွေအတွက်တော့ စျေးကြီးတာပေါ့၊ အခမဲ့ မပေးဘူး၊ စျေးတန်းတွေမှာတော့ သွားဝယ်လို့ရတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ပြောဆိုသည်။

ဗလာစာအုပ်များကို ဟုမ္မလင်းမြို့ပေါ်ရှိ စျေးများနှင့် နမ့်တော၊ နောင်ပိုအောင်စျေးတို့တွင် ဝယ်ယူရရှိနိုင်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဟုမ္မလင်းမြို့နယ်အတွင်း ကျောင်းသားကျောင်းသူ နှစ်စဉ် သုံးသောင်းဝန်ကျင် ရှိနေပြီး ဆရာ/ဆရာမများ အပါအဝင် သင်ထောက်ကူပစ္စည်းနှင့် အခမဲ့ထောက်ပံ့မှုတွေ လုံလောက်မှုမရှိကြောင်း သိရှိရသည်။

ရှမ်းနီအသံ ပေးပို့သည်။