ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာအနီး SNA နှင့် PDF တို့ တိုက်ပွဲဖြစ်

0
431
ပုံစာ - SNA နှင့် PDF တို့ တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် လွှစင်ကုန်းကျေးရွာတွင် ယာယီတပ်စွဲထားသော ရှမ်းနီအမျိုးသားများ တပ်မတော် SNA အဖွဲ့ကို ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းက ဟုမ္မလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF က လာရောက် တိုက်ခိုက်ရာမှ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့က လွှစင်ကုန်းရွာမှာ အခြေပြုထားတာ ။ သူတို့က အောင်းပင်ရွာဘက်ကနေ လာပစ်တာ။ ဖြစ်တာကတော့ မနက် ၆ နာရီလောက် ကတည်းကပဲ” ဟု SNA က တာဝန်ရှိသူတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားသည်မှာ မှန်ကန်ကြောင်းနှင့် ယင်းနေ့ နေ့ခင်းပိုင်းတွင် တိုက်ပွဲ ငြိမ်သက်နေပြီ ဖြစ်ကြောင်း ဒေသခံများက အတည်ပြု ပြောဆိုသည်။

ထိုသို့နှစ်ဘက် ထိတွေ့တိုက်ပွဲသည် ယင်းနေ့ ဇူလိုင်လ ၂၀ ရက် နေ့လည် ၁ နာရီလောက်တွင် ပြီးဆုံးသွားခဲ့ပြီး PDF အဖွဲ့အား လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ထိရောက်မှု ရှိခဲ့သည်ဟုလည်း SNA တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

“လက်နက်ကြီးနဲ့ ၁၀ လုံး ပစ်လိုက်တာ ၅ လုံး နေရာတည့်တည့် ကျတယ် ။ အဲ့ဒီနောက်ပိုင်းတော့ တိတ်သွား တော့တာပဲ” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲကြောင့် SNA ဘက်မှ တပ်သားတစ်ဦး ခြေထောက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး တဖက်အခြေအနေကို အသေးစိတ် မသိရှိရသေးကြောင်းနှင့် နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေကြောင်းလည်း SNA တာဝန်ရှိသူက ဆိုသည်။

တိုက်ပွဲနှင့် ပတ်သက်၍ ဟုမ္မလင်းပြည်သူ့ကာကွယ်ရေးတပ် HPDF က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးသလို ဆက်သွယ်မေးမြန်းနိုင်ခြင်းလည်း မရှိသေးပါ။

ဟုမ္မလင်းမြို့နယ်၏ ဧရိယာ အများစုကို SNA က ထိန်းချုပ်ထားပြီး နောင်ပိုအောင်ကျေးရွာ တောင်ဘက် ဖောင်းပြင်မြို့နယ် နယ်စပ်ဒေသနေရာ တချို့ကို ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် HPDF က လွှမ်းမိုးထားဆဲ ဖြစ်သည်ဟု သိရသည်။

ဆေကောင်ခမ်း(ရှမ်းနီအသံ) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here