ဟုမ္မလင်းမြို့တွင် အသက် ၉ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးငယ် ၁ ဦး ကျည်ဆံထိမှန်

0
277
ပုံစာ - ဟုမ္မလင်းမြို့၊ ကက်သာကျေးရွာ၊ ဓမ္မအေးရိပ်တောရကျောင်းတွင်စစ်ရှောင်နေကြသည့်ကလေးငယ်တချို့။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် မြင်သာ-ရေလဲ ကျေးရွာတွင် လာရောက် စစ်ဘေးတိမ်းရှောင်နေသည့် အသက် ၉ နှစ်အရွယ် စစ်ရှောင်အမျိုးသမီးငယ်တစ်ဦး ကျည်ဆံထိမှန်ပြီး ဆေးကုသမှုခံယူနေရတယ်လို့ စစ်ဘေးရှောင်များထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့က တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတပ်တို့ မြင်သာ-ရေလဲကျေးရွာ အနီးတွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားနေချိန် အိမ်ပေါ်ကိုတက်ပြေးစဉ်တွင် ထိုစစ်ရှောင်အမျိုးသမီးငယ်အား ကျည်ဆံထိသွားခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောဆိုသည်။

“တဖက်နဲ့တဖက် ပစ်နေကြတာဆိုတော့ ဘယ်ဘက်ကလည်း သေချာမသိရ မမြင်ရဘူး။ အိမ်ပေါ် ပြေးတက်တဲ့ အခါမှာ ထိသွားတာ” ဟု အဆိုပါ စစ်ရှောင်အမျိုးသမီးငယ်၏ ဖခင်ဖြစ်သူက ပြောသည်။

စစ်ရှောင်အမျိုးသမီးငယ်၏ ဘယ်ဘက်ပေါင်တွင် အရိုးထိအောင် ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ပြီး ဟုမ္မလင်းမြို့စစ်ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး အနည်းငယ်သက်သာလာပြီ ဖြစ်ကြောင်းလည်း ဖခင်ဖြစ်သူက ဆက်ပြောဆိုသည်။

“လောလောဆယ်တော့ လမ်းမလျှောက်နိုင်သေးဘူး။ အိပ်ထားရတယ်။ နည်းနည်းလေးတော့ ပြန်ထိုင်နိုင်ပြီ” ဟု ၎င်းက ဆိုသည်။

ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရွှေပြည်အေးမြို့ကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ပြီးနောက်ပိုင်း ခိုတောင်း၊ မယ်ဇလီ၊ ရေလဲ စသည့် ကျေးရွာများတွင် နှစ်ဖက်တပ်အကြား စစ်ရေးတင်းမာလျက်ရှိနေပြီး အပြန်အလှန် ပစ်ခတ်မှုတွေလည်း ဆက်ရှိနေသေးကြောင်း ဒေသခံများက ပြောသည်။

လက်ရှိအချိန်တွင် ဟုမ္မလင်းမြို့ပေါ်သို့ စစ်ဘေးရှောင်လာကြသည့် စစ်ရှောင်ပြည်သူ ၂၃၆၀ ကျော် ရှိပြီဖြစ်ကြောင်းလည်း စစ်ဘေးရှောင်ကူသူများထံမှ သိရသည်။

ဆေကောင်ခမ်း(ရှမ်းနီအသံ) ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here