စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း ကျန်းမာရေးဝန်ထမ်းအင်အားလျော့နည်းလာပြီး ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်မှုနှင့် အသိပညာပေးမှုတို့ကို လုပ်ဆောင်နိုင်ခြင်းမရှိတာကြောင့် ရာသီပေါ်ရောဂါများ ဖြစ်ပွားနိုင်ချေရှိနေပြီး စိုးရိမ်ရသည့်အနေအထားရှိကြောင်း ဒေသတွင်းကျန်းမာရေးမှူးများက ပြောဆိုသည်။
ယခင်နှစ်များက ကျန်းမာရေးဝန်ထမ်းတို့က ကျန်းမာရေးဆိုင်ရာ ကြိုတင်ကာကွယ်ပေးခြင်း၊ လစဉ် ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုတို့ကို ဆောင်ရွက်ခဲ့ကြပြီး ယခုလို ဝန်ထမ်းအင်အားလျော့နည်းလာတာကြောင့် ကြိုတင်ကာကွယ်မှု မလုပ်ဆောင်နိုင်ချိန် ရာသီအလိုက်ဖြစ်ပွားသည့် ကူးစက်ရောဂါများသည် ဖြစ်ပွားမြဲထက် ပို၍ဖြစ်ပွားသည်ကို တွေ့မြင်လာရသည်ဟု ကျန်းမာဝန်ထမ်းအချို့က ပြောကြသည်။
ကျန်းမာရေးဝန်ထမ်းတစ်ဦးက “သွေးလွန်တုတ်ကွေးက အရင်က ကလေးတွေမှာသာ အဖြစ်များပေမယ့် အခုက လူကြီးတွေမှာလည်း ဖြစ်လာတာကိုတွေ့တယ်။ အရင်တုန်းကဆိုရင်တော့ သွေးလွန်တုတ်ကွေး ပညာပေးဟောပြောပွဲတွေ လုပ်တယ်။ ဖုံးသွန်လဲစစ်တွေ လုပ်တယ်။ အခုကတော့ ကျန်းမာရေးဝန်ထမ်းအင်အားလည်း မလုံလောက်တော့ ကာကွယ်ဖို့တွေလည်း မလုပ်နိုင်ဘူး။ အထူးသဖြင့် ဒီဘက်နယ်တွေမှာ ကျန်းမာရေးဝန်ထမ်းတွေက တအားနည်းတာ” ဟု ပြောသည်။
လက်ရှိကာလတွင်လည်း နေ့အပူချိန် မြင့်တက်လာတာကြောင့် ကလေးငယ်အများစုသည် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားခံစားနေရကြောင်း ဒေသခံများက ပြောသည်။
“ကလေးတွေ ဝမ်းပျက်ဝမ်းလျောတွေဖြစ်ပြီးမှ ဆေးခန်းတွေလာတာ များနေတာ။ သုံးလေးယောက်လောက် ရှိပြီ။ ဒီနေ့ မနက်တောင်မှ ရေမသန့်တာရယ်၊ အစားအစာမသန့်ရှင်းတာရယ် အဲ့ဒါတွေကြောင့်၊ အပူချိန်ကလည်း မြင့်လာတဲ့အခါကြတော့ နေ့ခင်းကနေပူပြီး ညနေကျရင်မိုးရွာတာတို့၊ အဲ့ဒဏ်တွေကြောင့်လည်းပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ရာသီအလိုက် ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများအကြောင်းကို ဒေသခံလူထုအား အသိပညာပေး ဟောပြောမှုများနှင့် ကျေးလက်ဒေသများ၌ လိုက်လံဆောင်ရွက်မှုများသည် အခုကာလတွင် လုပ်ဆောင်နိုင်ခြင်းမရှိသည့် အခြေအနေရှိနေကြောင်း ကျန်းမာရေးဝန်ထမ်းများက ပြောသည်။
ကူးစက်ရောဂါပွားမှု များပြာချိန်အခါမှသာ ကုသမှုတို့ကို လုပ်ဆောင်နေရခြင်းက စိန်ခေါ်မှုကြီးမားပြီး ကုသရေးအတွက် လိုအပ်သည့်ဆေးဝါးများကိုသည် လေကြောင်းလိုင်းကနေ အဓိကထားသယ်ယူနေရတာကြောင့် စျေးနှုန်းများလည်း မြင့်တက်နေသည်ဟု ၎င်းတို့က ပြောပါသည်။
ဟုမ္မလင်းမြို့နယ်အတွင်းရှိ လူဦးရေ နှစ်သိန်းခွဲကျော်အတွက် စစ်အာဏာမသိမ်းမီက ဆရာဝန် ၂၁ ဦး၊ သူနာပြု ၄၃ ဦး၊ လက်ထောက်ကျန်းမာရေးမှူး ၁၁ ဦးထိရှိခဲ့ပြီး လက်ရှိတွင် ဆရာဝန် ၇ ဦး၊ သူနာပြု ၁၇ ဦးနှင့် လက်ထောက်ကျန်းမာရေးမှူး ၄ ဦးသာရှိတော့သည်ဟု ကျန်းမာရေးဝန်ထမ်းများက ပြောဆိုသည်။
ရှမ်းနီအသံ ပေးပို့သည်။