ဟားခါးမြို့နယ်တစ်ခုလုံး ထိန်းချုပ်နိုင်မည့် ရုန်းတောင်စစ်ဆင်ရေး ချင်းပြည်သူများ အားဖြည့်ပါဝင်ရန် CDF-Hakha တောင်းဆို

0
610
ပုံစာ - CDF-Hakha

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်တစ်ခုလုံး ထိန်းချုပ်နိုင်ရေးအတွက် အဓိက ဖော်ဆောင်လျက်‌ရှိနေသော ရုန်းတောင် စစ်ဆင်ရေး (Rung Operation) အတွက် လိုအပ်သည့်အကူအညီများ ထောက်ပံ့ပေးကြရန် ပြည်တွင်း/ပြည်ပရှိ ချင်းပြည်သူများကို CDF-Hakha က တောင်းဆိုလိုက်သည်။

CDF-Hakha တပ်ဖွဲ့အနေဖြင့် ဟားခါးမြို့နယ်၏ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး ကျန်ရှိနေသေးသော ၃၀ ရာခိုင်နှုန်းအား အပြီးသတ်ထိန်းချုပ်နိုင်ရေးအတွက် ရုန်းတောင်စစ်ဆင်ရေးကို ဖော်ဆောင်လျှက်ရှိကြောင်းနှင့် ယင်းအတွက် လက်နက်အင်အားများဖြည့်တင်းရန် ကူညီထောက်ပံ့မှုများ လိုအပ်လျှက်ရှိသည်ဟု CDF-Hakha တပ်ရင်း ၄ က တပ်မဟာမှူးက ပြောသည်။

“အခု ကျွန်တော်တို့ CDF-Hakha ရဲ့ အဓိကစစ်ဆင်ရေးက ဟားခါးမြို့တွင်းသာ ကျန်တော့တာဖြစ်တယ်။ ဟားခါးမြို့နယ်က တခြားကျေးရွာတွေကိုတော့ ကျွန်တော်တို့ထိန်းချုပ်နိုင်ပြီပေါ့။ ပြည်သူ့အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေးကို ကောင်းကောင်းလည်ပါတ်‌နိုင်ပြီပေါ့နော်။ ဆိုတော့ ကျွန်တော်တို့အောင်ပွဲက နီးနေပါပြီ။ ၁၀၀ မှာ ၇၀% ကို ထိန်းချုပ်နိုင်ပြီ၊ ၃၀ % သာ လိုတော့တယ်လို့ ကျွန်တော်တို့ ခံယူထားတာ ဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့ မိဘပြည်သူအားလုံးရဲ့ ငွေကြေးကူညီထောက်ပံ့မှု လိုအပ်တာဖြစ်တယ်။ အားလုံးက အဘက်ဘက်ကနေ တက်တက်ကြွကြွ ဆက်လက်ပါဝင်ပေးကြပါ” ဟု တပ်မဟာမှူးက ပြောသည်။

CDF-Hakha တပ်ဖွဲ့အနေဖြင့် ဟားခါးမြို့ပေါ်ကလွဲလျှင် ကျန်ဟားခါးဒေသအားလုံးကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး ဟားခါးမြို့ပေါ် ရုန်းတောင်တွင် အခြေစိုက်သော စစ်ကောင်စီဗျူဟာတပ်ကုန်းကို သိမ်းပိုက်နိုင်ရေးအတွက် ရုန်းတောင်စစ်ဆင်ရေးကို ဖော်ဆောင်လျှက် ရှိသည်ဟု ဆိုသည်။

Rung Opreation ပထမအဆင့် မြို့သိမ်းအကြိုတိုက်ပွဲကို ၂၀၂၃ ခုနှစ် နို၀င်ဘာလ ၂၆ ရက်နေ့က စတင်ဖော်ဆောင်ခဲ့ကြပြီးနောက် ဟားခါးမြို့ပေါ်တွင် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလျက်ရှိရာ မကြာသေးခင်ရက်ပိုင်းကလည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား ၅ ဦးကို CDF-Hakha က ဖမ်းဆီးခဲ့သည်။

ယခုလက်ရှိတွင် CDF-Hakha Support Team North America က ရုန်းတောင်စစ်ဆင်ရေး Rung- Operation အတွက် အမေရိကန်ဒေါလာ 1 Million Project ရန်ပုံငွေ ရှာဖွေပေးလျှက်ရှိပြီး စစ်လက်နက်များ ၀ယ်ယူဖြည့်တင်းနိုင်ရန် အမေရိကန် ဒေါ်လာ ၈ သိန်းဝန်းကျင်ခန့် လိုအပ်နေသေးပြီး ယင်းအတွက် ကြိုးစားနေဆဲဖြစ်ကြောင်း CDF- Hakha တာဝန်ရှိသူက ပြောသည်။

“အခုတော်လှန်ရေးကာလကလည်း ၃ နှစ်ရှိ‌နေပြီ။ ဒီအတွင်း ကျွန်တော်တို့မှာလဲ အသင့်အတင့် စုထားတာတွေ ရှိ‌နေပါပြီ။ နောက်ထပ် ဒေါ်လာ ၈ သိန်း‌လောက်ရှိရင်‌တော့ ရုန်းတောင်တစ်ခုလုံးကို မကြာခင်အချိန်အတွင်း အလွယ်တကူနဲ့ အမြန်ဆုံးသိမ်းယူနိုင်မှာ ဖြစ်တယ်ဆိုတာ CDF- Hakha အနေနဲ့ ပြောလိုပါတယ်” ဟု တပ်မဟာမှူးက ပြောသည်။

တော်လှန်ရေးကာလ ၃ နှစ်အတွင်း ဟားခါးမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များအတွက် ပြည်ပနိုင်ငံ ၈ ခုတွင် ရောက်ရှိနေကြသော ချင်းပြည်သူများက ရန်ပုံငွေများ ထောက်ပံ့ပေးခဲ့ကြပြီး အမေရိကားရောက် NA supporting Team မှ အဓိက ကူညီပံ့ပိုးပေးကြောင်း သိရသည်။

ယခုလက်ရှိတွင်လည်း Rung- Operation အတွက် CDF-Hakha Support Team North America က ရန်ပုံငွေ ရှာဖွေသည့်အနေဖြင့် ကံစမ်းမဲလက်မှတ်များ ရောင်းချပေးလျှက် ရှိသည်ဟု သိရသည်။

လက်ရှိ၌ ဟားခါးမြို့နယ်တွင် စစ်ကောင်စီတပ်များသည် ဟားခါးမြို့ပေါ်တွင်သာ ရှိနေပြီး ကျေးရွာများသို့ ရောက်ရှိလာခြင်း မရှိ‌တော့ကြောင်း ဟားခါးမြို့ဒေသခံများ ပြောပြချက်အရ သိရသည်။

“ကျွန်တော်တို့ ရွာပြန်ရင် ရွာဘက်ကတော့ လွတ်လွတ်လပ်လပ်ပါပဲ။ အရင်က စစ်သားတွေ ရွာဘက် ကင်းလှည့်တာရှိတယ်။ အခု CDF တွေပဲ ရှိတော့တာဆိုတော့ အဲလိုကင်းလှည့်တာမျိုး မရှိတော့ဘူး။ ဒါပေမဲ့ ဟားခါးမှာတော့ ကင်းစောင့်တာတွေ၊ လမ်းသွားလမ်းလာ စစ်ဆေးတာတွေတော့ ရှိ‌တာ‌ပေါ့” ဟု အသက် ၃၀ အရွယ် ဟားခါးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ရုန်းတောင်စစ်ဆင်ရေးအမည်ဖြင့် ရုန်းတောင်ပေါ်တွင် အခြေစိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ကို သွားရောက်တိုက်ခိုက်ရာ၌ စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒါဏ်ရာရရှိခဲ့သည်။

KMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here