သျှမ်းတော်လှန်ရေးနေ့ နီးကပ်လာပြီဖြစ်သဖြင့် သျှမ်းတပ် (၂) တပ် ထိုးစစ်ဆင်တိုက်ခိုက်မှုကို ၁၀ ရက်အတွင်း လုံးဝအပစ်ရပ်စဲရန်ဆိုသည့် RCSS/SSA ၏ သျှမ်းဘာသာဖြင့် အမိန့်စာသည် လူမှုကွန်ရက်စာမျက်နှာတွင် မေ ၁၆ ရက်တွင် ပျံ့နှံ့လာသည်ကိုတွေ့ရသည်။
အဆိုပါ အပစ်ရပ်စဲကာလသည် မေ ၁၆ ရက်မှ စတင်ပြီး မေ ၂၅ ရက်ထိဖြစ်ကာ နှစ်ဖက် တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့များအားလုံး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) အား ထိုးစစ်ဆင်တိုက်ခိုက်မှု လုံးဝ အပစ်ရပ်စဲရန် RCSS ၏ အမိန့်စာတွင် ရေးသားထားကို တွေ့ရသည်။
ထို့အပြင် သျှမ်းတော်လှန်ရေးနေ့တွင်လည်း သက်ဆိုင်ရာအဖွဲ့အစည်းမှ ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးနိုင်ရန် အတွက် (၁၀) ရက်တာကာလအတွင်း တပ်ရင်း၊ တပ်ဖွဲ့များ မိမိရောက်ရှိနေသည့်နေရာတွင် စစ်ရေးလှုပ်ရှားမှု ရပ်နားထားရမည်ဖြစ်ပြီး ခုခံကာကွယ်ရန်အတွက်သာ စီစဉ်ထားရန်လည်း အမိန့်စာတွင် ပါရှိသည်။
လက်ရှိအနေအထားအရ သျှမ်းပြည်၏ ကံကြမ္မာပြိုလုနီးပါးဖြစ်နေချိန် သျှမ်းတပ်အချင်းချင်း တွေ့ဆုံဆွေးနွေးမှုမရှိလျှင် သျှမ်းပြည်သူလူထုအနေဖြင့် ဘေးဒုက္ခမျိုးစုံ ဆက်လက်ခံစားရမည်ဖြစ်သည်။
လာမည့် (၆၈) နှစ်ပြည့် သျှမ်းတော်လှန်ရေးနေ့တွင် နှစ်ဘက်တပ်ဖွဲ့နှင့် ပြည်သူလူထုများတွေ့ဆုံဆွေးနွေးနိုင်ရန် RCSS/SSA ဥက္ကဌ ဗိုက်ချုပ်ကြီးယွက်စစ်မှ ဦးဆောင်စီစဉ်ထားပြီးဖြစ်ကြောင်း SSPP ထံ မိတ္တူပေးပို့ထားကြောင်းလည်း ယင်းအမိန့်စာတွင် ဖော်ပြထားသည်။
လားရှိုးမြို့ဒေသခံအမျိုးသားတစ်ဦးက “ကျနော်အနေနဲ့ကတော့ သျှမ်းတပ် (၂) တပ် သျှမ်းလူထုကိုငဲ့ညှာသင့်ပြီ။ ကျနော်တို့လူထုတွေ သျှမ်းတပ် (၂) တပ်ကို အားကိုးချင်တယ်။ အာဏာရှင်တိုက်ဖျက်ရေးမှာလည်း သျှမ်းတပ်က မပါဘဲ အချင်းချင်းတိုက်နေတာတွေ ရပ်ပေးဖို့တောင်းဆိုချင်တယ်Ó ဟု ပြောသည်။
ယခုနှစ် မေ ၂၁ ရက်နေ့တွင် သျှမ်းတော်လှန်ရေး (၆၈) နှစ် တိုင်ခဲ့ပြီဖြစ်ပြီး၊ သျှမ်းတပ် (၂) တပ် အချင်းချင်းကြား စစ်ရေးတင်းမာမှုကလည်း ပိုကြီးလာနေသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။