သျှမ်း – ကရင်နီ နယ်စပ်ရှိစစ်ရှောင်များ ထောက်ပံ့မှုများပိုလိုအပ်လျက်ရှိနေကြ

0
210
ပုံစာ - သျှမ်း – ကရင်နီ (ကယား) နယ်စပ်ဒေသတလျှောက်ရှိစစ်ရှောင်များ စားရိက္ခာခက်ခဲနေ။

သျှမ်း – ကရင်နီ (ကယား) နယ်စပ်ဒေသတလျှောက်တွင် စားနပ်ရိက္ခာများသယ်ယူခွင့်ကို စစ်ကောင်စီမှ တင်းကြပ် နေသဖြင့် စစ်ရှောင်များသည် တောတောင်ထဲရှိ ဟင်းသီးဟင်းရွက်များကိုသာ ရှာဖွေစားသောက်နေရကြောင်း စစ်ရှောင်ကူညီသူများထံမှ သတင်းရရှိသည်။

စစ်ရေးတင်းမာနေသည့် သျှမ်း – ကရင်နီ နယ်စပ် ဒေသတလျောက်တွင် စစ်ကောင်စီသည် ဆေးဝါးနှင့် စားနပ်ရိက္ခာများ သယ်ယူခွင့်ကို တားမြစ်ထားသောကြောင့် စစ်ရှောင်များမှာ လုံလောက်သည့် ဆန်၊ ဆီ၊ ဆားများ မရှိဘဲ ချွေတာပြီး စားနေကြရကြောင်း ဖယ်ခုံမှ စစ်ရှောင်ကူညီသူတစ်ဦးက ပြောသည်။

“လမ်းကြောင်းမှာ စားနပ်ရိက္ခာတွေ သယ်ယူဖို့က ခက်တယ်။ အရင်သယ်နေကျလည်း တိုက်ပွဲကြောင့် ပိတ်ထားတယ်။ ရတဲ့လမ်းကြောင်းတွေမှာက PNO စစ်သားတွေ စောင့်ပြီး ပိုက်ဆံတောင်းတယ်။ ဆန်၊ ဆီ ပေးမသယ်ဘူး။ ဒီဇယ်တောင်မှ အခွန်ဆောင်ပြီး ပေးရတာ။ အလှူရှင်ရှိမှ ကျနော်တို့ စစ်ရှောင်တွေ ဆန်ဝေပေး ရတယ်။ မရှိရင် ကြံဖန်ပြီး ဝယ်ရတယ်။ ချွေသာပြီး စားရတယ်” ဟု အဆိုပါစစ်ရှောင်ကူညီသူက ပြောသည်။

ဖယ်ခုံမြို့နယ်ရှိ စစ်ရှောင်ဦးရေ ၇၀၀၀ အတွက် တစ်လလျှင် ဆန်အိတ်ပေါင်း ၂၀၀ ကျော် မျှဝေ ပေးရကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ လွိုင်ကော်နှင့် ဖားဆောင်းမြို့အကြား ဒီးမော့ဆို၊ ဖရူဆို နှင့် သျှမ်းပြည်နယ်စပ်ဒေသ ဖယ်ခုံ၊ မိုးဗြဲမြို့ရှိ စစ်ရှောင်များ ထွက်ပြေးလာစဉ် အချိန်ကြာလာသည်နှင့်အမျှ ဆေးဝါးနှင့် စားနပ်ရိက္ခာများကို ကူညီထောက်ပံ့ပေးသည့် အလှူရှင်များလည်း နည်းပါးလာခဲ့သည်။

လက်ရှိ စစ်ရှောင်များ နေထိုင်သည့်နယ်မြေအတွင်း အလုပ်အကိုင်အခွင့်အလမ်းမရှိသဖြင့် ဝင်ငွေလည်းမရှိကြဘဲ အလှူရှင်မှ ထောက်ပံ့သည့် စားနပ်ရိက္ခာတချို့မှလွဲ၍ လိုအပ်ချက်များကို ၎င်းတို့ကိုယ်တိုင်ဖြေရှင်း နေကြရကြောင်း ဒီးမော့ဆိုစစ်ရှောင် ကူညီသူတစ်ဦးက ပြောသည်။

“ဆန်ပြတ်တဲ့ မိသားစုတွေတော့ စခန်းကော်မတီထံ လက်မှတ်နဲ့ သွားတောင်းရတယ်။ ဒီမှာက အရေးပေါ် အတွက် လာယူတဲ့နေရာတော့ ရှိတာပေါ့နော်။ ဒါပေမယ့် အလှူရှင်တွေက အများကြီး မပေးထားဘူး။ တစ်ယောက်ကို ၁ ပြည်၊ ၂ ပြည်နှုန်းပဲ ပေးနိုင်တယ်။ လက်မှတ်နဲ့ ဟိုမှာလိုက်တောင်းလိုက်၊ ဒီမှာလိုက်တောင်းလိုက် လုပ်ရတာပေါ့” ဟု ယင်းစစ်ရှောင်ကူညီက ပြောသည်။

စစ်ရှောင်များသည် အလှူရှင်များ ထောက်ပံ့သည့် စားနပ်ရိက္ခာတချို့နှင့် တောတောင်ထဲရှိ ဟင်းသီးဟင်းရွက်များ ကိုသာ ရှာဖွေခူးစားရသောကြောင့် (အသား၊ ငါး) ဟင်းကို ကြာကြာနေမှ တစ်ခါသာစားကြရကြောင်း ၎င်းက ပြောဆိုသည်။

တိုက်ပွဲနယ်မြေ ဖြစ်သည့်အလျောက် လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး လက်ရှိတွင် ရွှေဘိုပေါ်ဆန်းမွှေး ၂၄ ပြည်အိတ် တစ်အိတ်လျှင် ကျပ်ငွေ ၁ သိန်းကျော် ရှိနေပြီး ကြက်ဥတစ်လုံးကို ကျပ်ငွေ ၃၀၀ ကျော်၊ ၄၀၀ ဝန်းကျင်အထိ ဈေးနှုန်း မြင့်တက်နေသည်။

ထိုကဲ့သို့ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေသည့် ကာလအတွင်း အလှူရှင်ထောက်ပံ့မှုများ ပြတ်တောက်ပါက စစ်ရှောင်များသည် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ကြုံတွေ့ရကြောင်း စစ်ရှောင်ကူညီသူများက ဆက်ပြောသည်။

အလားတူ မိုးဗြဲမြို့ရှိ စစ်ရှောင်အမျိုးသားတစ်ဦးက “ ဒီဆည် (ရေကာတာ) အောက်မှာ စိုက်ပျိုးလို့ မရဘူး။ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ရမ်းထုတာ။ ဖယ်ခုံဘက်က မိုးပေါက်ရင်တော့ စပါးနည်းနည်းစိုက်လို့ ရသေးတယ်။ အခု ကျနော်တို့တော့ အကူညီလိုအပ်နေတာပေါ့။ ပေးနိုင်ရင်တော့ ဝမ်းသာမှာပါ” ဟု ဆိုသည်။

ယင်းကဲ့သို့ စားနပ်ရိက္ခာများ လုံလောက်စွာ ထောက်ပံ့မှု မရရှိခြင်းကြောင့် စစ်ရှောင်တချို့သည် အစာအာဟာရ ပြတ်လပ်နေပြီး နေမကောင်း၊ မကျန်းမာချိန်၌ ဆေးဝါးလုံလောက်မှု မရရှိခြင်းတို့ကြောင့် အာဏာသိမ်း ၂ နှစ် ကျော် ကာလအတွင်း စစ်ရှောင် ၁၄၂ ဦး ထိ သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက အောက်တိုဘာလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here