ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကို ငွေကြေးထောက်ပံ့သည်ဟုဆိုပြီး သံဖြူဇရပ်မြို့ခံတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း မြို့ခံများထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် သံဖြူဇရပ်မြို့၊ အောင်ဇေယျရပ်ကွက်၊ ဗိုလ်နေဝင်းလမ်းနေ အသက် ၄၆ နှစ်အရွယ် ကိုနန်းမြင့်ဦး (ခ) ကိုတရုတ်ကို ၎င်း၏နေအိမ်တွင် လာရောက်ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“ကိုတရုတ်က PDF အဖွဲ့တွေကို ငွေကြေးထောက်ပံ့တာ လုပ်ခဲ့လို့ ဖမ်းဆီးသွားတာလို့ သူ့မိသားစုထံကနေ သိရတယ်။ လောလောဆယ် ရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့်ထားခံရတယ်လို့ သိရတယ်” ဟု ၎င်းက ဆိုသည်။
ကိုနန်းမြင့်ဦး (ခ) ကိုတရုတ်သည် အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ကိုနန်းမြင့်ဦး (ခ) ကိုတရုတ်သည် ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက PDF အဖွဲ့ထံသို့ ငွေ ၈၀,၀၀၀ ကျပ် ထောက်ပံ့ခဲ့ပြီး၊ ၂၀၂၃ ခုနှစ် မေလအတွင်း ငွေ ၂၀,၀၀၀ ကျပ်ကို ပန်ဆယ်လိုထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ထားသည်ဟု စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ယင်းအပြင် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလက တန်ဖိုးကျပ် ၄၂၀,၀၀၀ ရှိ M- 16 ကျည် ၇၀၀ တောင့်ကို မြဝတီမှ တဆင့် ဝယ်ယူပြီး PDF အဖွဲ့ထံ ထောက်ပံ့ပေးခဲ့သည်ကိုလည်း စစ်ဆေးပေါ်ပေါက်ထားသည်ဟု ဆိုသည်။
ကိုနန်းမြင့်ဦး (ခ) ကိုတရုတ်သည် ၂၀၁၇ ခုနှစ်အတွင်းက RIVER တံဆိပ် လေသေနတ်တစ်လက်ကို ငွေ ၄၈၀,၀၀၀ ကျပ် ဖြင့်လည်းကောင်း၊ ကော်သီးဖြင့် ပစ်ရသည့် PIETRO BERETTE အမျိုးအစား ထိုင်ဝမ်နိုင်ငံထုတ် စတီးကိုယ်ထည် ပစ္စတိုသေနတ်ပုံစံ တစ်လက်အား ထိုင်းဘတ်ငွေ ၂,၅၀၀ ဘတ်ဖြင့်လည်းကောင်း ဝယ်ယူ၍ တရားမဝင် ကိုင်ဆောင်ထားသည်ကိုလည်း တွေ့ရှိခဲ့သည် စစ်ကောင်စီကစွပ်စွဲပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ – ၅၀ (ည) / ၅၀ (ဈ) / ၅၂ (က) တို့ဖြင့် အမှုဖွင့်စစ်ဆေးနေသည်ဟု သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလဆန်းပိုင်းကလည်း PDF အဖွဲ့များထံ လက်နက်နှင့် ရိက္ခာများ ထောက်ပံ့သည့် စွပ်စွဲချက်ဖြင့် သံဖြူဇရပ်မြို့ခံ ၅၀ ဦး ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခဲ့သေးသည်။
စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် သံဖြူဇရပ်မြို့ခံများ အနက်မှ ၂၀ ဦး ထက်မနည်းကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။
IMNA ပေးပို့သည်။