ရခိုင်ပြည်၊ သံတွဲမြိုနယ်တွင် စစ်မှုထမ်းစာရင်းကောက်ယူနေသော ရာအိမ်မှူးတစ်ဦး မတ်လ ၂၁ ရက် နေ့လယ်ပိုင်းက သတ်ဖြတ်ခံရသည်ဟု ဒေသခံများထံမှ သိရသည်။
သံတွဲမြို့ ဒါဝကျေးရွာမှ အသက် (၄၄) နှစ်အရွယ် ရာအိမ်မှူးဦးဝင်းရွှေသည် မတ်လ ၂၁ ရက်နေ့က ဒါဝကျေးရွာနှင့် တောင်သာကျေးရွာကြားတွင် ရင်ဘတ်ထိုးသွင်းဒဏ်ရာ ၅ ချက်နှင့်အတူ လည်လှီးသတ်ဖြတ်ပြီး လုပ်ကြံခံရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဦးဝင်းရွှေ၏မိသားစုဝင်တစ်ဦးက “ သတ်သွားတဲ့လူတွေကို မသိရသေးဘူး။ အလောင်းကို ဆေးရုံမှာစစ်ဆေးတော့ ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ ဘာကြောင့်အသတ်ခံရတယ်ဆိုတာ လောလောဆယ်မှာ ပြောလို့ မရသေးပါဘူး” ဟု ပြောသည်။
ဒါဝကျေးရွာ ရာအိမ်မှူးအား မည်သူသတ်ဖြတ်သွားသည်ကို မသိရှိရသေးသော်လည်း စစ်မှုထမ်းစာရင်း ကောက်ယူနေခြင်းနှင့် ပတ်သက်ပြီး မကျေနပ်သူများက လုပ်ကြံသတ်ဖြတ်ခြင်း ဖြစ်နိုင်သည်ဟု ဒေသခံများက ယူဆပြောဆိုကြသည်။
“စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအတွက် သံတွဲမှာရှိတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူတချို့က တစ်အိမ်တက် တစ်အိမ်ဆင်း စာရင်းလိုက်ကောက်နေတာမျိုး ရှိတယ်။ အဲဒီထဲမှာ သူလည်းပါဝင်နေတော့ ဒီကိစ္စကြောင့် ဖြစ်မယ်လို လူတွေက ယူဆနေကြတယ်” ဟု ဒါဝကျေးရွာသားတစ်ဦးက ပြောသည်။
ဦးဝင်းရွှေသတ်ဖြတ်ခံရမှုသည် စစ်မှုထမ်းစာရင်း ကောက်ယူခြင်းကိစ္စနှင့် သက်ဆိုင်ခြင်းမရှိဘဲ ပုဂ္ဂိုလ်ရေးအရ မကျေနပ်မှုများကြောင့် ဖြစ်နိုင်သည်ဟု မိသားစုဝင်များက ပြောဆိုသည်။
ဆွေမျိုးတော်စပ်သူတစ်ဦးက “အဲလိုဆိုရင် အကြောင်းအမျိုးမျိုးကြောင့် စစ်မှုထမ်းစာရင်း လိုက်ကောက်နေရတဲ့ လူတွေလည်း ရှိတာပဲ။ ဒီလို တရားလက်လွှတ်လုပ်တဲ့အပေါ် ကျနော်တိုက လက်မခံဘူး။ အမှုမှန် ပေါ်ပေါက်ရေးအတွက် ကြိုးစားသွားမယ်” ဟု ပြောသည်။
ပြည်တွင်းစစ်ပွဲများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် အရွယ်ရောက်ပြီးသူများ မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြဌာန်းလိုက်ပြီး စစ်မှုထမ်းရန် လူစာရင်းကောက်ယူခြင်း၊ ပြည်သူ့စစ်အတွက် အတင်းအကျပ် တပ်သားစုဆောင်းမှုများကို လုပ်ဆောင်လျက်ရှိသည်။
ရခိုင်တောင်ပိုင်းက သံတွဲ၊ တောင်ကုတ်၊ မာန်အောင်၊ ဂွ မြိုနယ်တို့တွင် စစ်မှုထမ်းစာရင်း ကောက်ယူရန် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို စစ်ကောင်စီက ညွှန်ကြားထားပြီး အဆိုပါကိစ္စနှင့်ပတ်သက်၍ အုပ်ချုပ်ရေးမှူးတချို့မှာ ရာထူးမှ နှုတ်ထွက်စာတင်ထားကြသည်ဟု ဆိုသည်။
အောင်ထိန် (DMG)ပေးပို့သည်။