ရခိုင်ပြည်၊ သံတွဲမြို့ ငပလီကမ်းခြေရှိ မဇင်လေဆိပ်ကို အာရက္ခတပ်တော် (AA) က ဇွန်လ ၂၃ ရက် နံနက်ပိုင်းတွင် ထိုးစစ်ဆင် သိမ်းပိုက်လိုက်ပြီဖြစ်သည်ဟု ခိုင်လုံသည့် သတင်းရင်းမြစ်နှင့် ဒေသခံများပြောဆိုမှုမှတဆင့် သိရှိရသည်။
ငပလီဒေသခံတစ်ဦးက “AA က သံတွဲကင်းမော်လမ်းဖက် အယောင်ပြထားပြီး ပန်းချင်းပေါက် မှိုဟင်းပြင်ဘက်ကနေ ဝင်လာပြီး လေယာဉ်ကွင်းကို ထိုးစစ်ဆင်သိမ်းပိုက်လိုက်တာပေါ့။ AA ဗျူဟာက အရမ်းကောင်းတော့ အခု ခမရ ၅၆၆ တပ်ရင်းလည်း မကြာခင်ကျမယ်။ ငပလီမှာ စစ်သားမိသားစုတွေ လှုပ်နေပြီ။ ပြေးဖို့ပြင်နေကြပြီ” ဟု ပြောသည်။
လေယာဉ်ကွင်း၌ တပ်စွဲထားသည့် စစ်သားများမှာ AA ထိုးစစ်ကို မခံနိုင်ဘဲ အသီးသီးထွက်ပြေးကြရာတွင် AA က ဝင်ရောက်သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။
“လေဆိပ်ကျသွားပြီ။ အဲဒီမှာက ခလရ ၅၅ နဲ့ ၅၆၆ က ပေါင်းပြီး တပ်စွဲထားတာ။ စစ်သားတွေ သေတဲ့သူတွေ ရှိတယ်။ အများစုက ထွက်ပြေးသွားကြတယ်။ အခုထွက်ပြေးတဲ့ စစ်သားတွေရော၊ တခြားစစ်သားတွေပါ ခလရ ၅၅ ထဲမှာ စစ်သားတွေ စုထားတယ်။ လက်ရှိ AA က ၅၆၆ ကို ထိုးစစ်ဆင်နေတယ်၊ လေယာဉ်ပစ်ကူပေးတာတော့ မတွေ့သေးဘူး” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။
လေဆိပ်နှင့် တစ်မိုင်အကွာရှိ ခလရ ၅၆၆ ကို AA မှ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ခလရ (၅၅) ကို များမကြာမီ ထိုးစစ်ဆင် တိုက်ခိုက်နိုင်ပုံရသည်ဟု ဒေသခံများက ပြောပါသည်။
AA ထိုးစစ်ဆင်လာကတည်းက စစ်သားအများစု ထွက်ပြေးသွားကြပြီး ခလရ ၅၆၆ အနီးရှိ ဇီးဖြူကုန်းရွာတွင် တိုက်ပွဲ ပြင်းထန်ကြောင်း ဒေသခံများထံမှ သိရသည်။
သံတွဲလေဆိပ်တွင် ခလရ ၅၅ နှင့် ၅၆၆ တပ်တို့မှ ပူးပေါင်းထုတ်နှုတ်အင်အားအပါအဝင် ဧရာဝတီတိုင်းမှ စစ်အင်အားများပါ ပူးပေါင်းတပ်စွဲထားသော်လည်း အာရက္ခတပ်တော်၏ ထိုးစစ်ကိုမခံနိုင်ဘဲ ယခုကဲ့သို့ စစ်ကောင်စီက လေဆိပ်ကို စွန့်လွတ်လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ ဗျူဟာကျ သံတွဲလေဆိပ်ကို သိမ်းပိုက်လိုက်နိုင်ခြင်းသည် AA ၏ တိုက်ရည်ခိုက်ရည် ထက်မြက်မှုကို ပေါ်လွင်စေခဲ့ပြီး လေကြောင်း ပစ်ကူဆက်လက်မပေးနိုင်ပါက ခလရ ၅၅ နှင့် ခမရ ၅၆၆ တို့ပါ လက်နက်ချရမည့် အခြေအနေတွင်ရှိကြောင်း သံတွဲမြို့ရှိ စစ်မှုထမ်းဟောင်းတစ်ဦးက ပြောသည်။
ငပလီ – မဇင်လေဆိပ်အား AA မှ ထိုးစစ်ဆင်နေရချိန်တွင် စစ်ကောင်စီသည် သံတွဲမြို့အနီးရှိ ရွှေကျောင်းပြင် ကျေးရွာကို နေ့ရောညပါ လေကြောင်းက ဗုံးကြဲခဲ့ရာ အရပ်သား နှစ်ဦး သေဆုံးခဲ့ပြီး နေအိမ်များ ပျက်စီးကာ နွားများပါ သေဆုံးခဲ့ရကြောင်း သိရသည်။
နိရဉ္စရာ ပေးပို့သည်။