သီပေါ-ကျောက်မဲ ဆက်သွယ်ထားသော ကျင်တီတံတားနှင့်တပ်စခန်းကို TNLA သိမ်းပိုက်ဖျက်ဆီး

0
334
ပုံစာ - ကျင်တီတံတား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်းက စစ်ကောင်စီ၏ ကျင်တီတံတားတပ်စခန်းကို တအာင်း တပ်မတော် TNLA က က နိုဝင်ဘာ ၁၂ ရက်နေ့က သိမ်းပိုက်ဖျက်ဆီးခဲ့သည်။

စစ်ကောင်စီ၏ ကျင်တီတံတားတပ်စခန်းကို တအာင်းတပ်မတော် – PSLF/TNLA က နိုဝင်ဘာ ၁၂ ရက်နေ့ နံနက် ၅ နာရီခွဲ အချိန်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်ဟု TNLA က ထုတ်ပြန်ထားသည်။

ဒေသခံအမျိုးသားတစ်ဦးက “၁၂ ရက်နေ့ မနက်ပဲ ဖြစ်တာ။ တံတားလည်း ပါသွားတယ်။ အခု အဲ့ဒီတံတားက သွားလို့ မရတော့ဘူး။ အဲ့ဒီကျင်တီတံတားမှာ အခု TNLA တပ်က ဝင်ထိုင်နေတယ်” ဟု ပြောသည်။

ကျင်တီတံတားမှာ ကျောက်မဲမြို့နှင့် သီပေါမြို့အကြား ဆက်သွယ်ထားသည့် တံတားဖြစ်ပြီး သီပေါနှင့် မိုင်ပေါင်း ၇ မိုင်ခန့်သာ ဝေးပြီး ဘော်ကြိုကျေးရွာနှင့် ၁ မိုင်ခန့် အကွာတွင် ရှိသည်။

အဆိုပါတံတား ပျက်စီးသွားသောကြောင့် သီပေါမှ ကျောက်မဲသို့ သွားလာ၍ မရတော့သည့်အပြင် လားရှိုးဘက် အထွက်တံတားကိုလည်း စစ်ကောင်စီက ပိတ်ထားလိုက်သည်ဟု ဒေသခံများက ဆိုသည်။

ကျင်တီတံတား တပ်စခန်းနေရာကို လက်လွှတ်ဆုံးရှုံးလိုက်ရသော စစ်ကောင်စီတပ်သည် နိုဝင်ဘာလ ၁၂ ရက်နေ့ တနေ့လုံးနီးပါး လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်နေပြီး နှစ်ဖက်ကြားလည်း တိုက်ပွဲများ ဆက်ဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။

ဘော်ကြိုရွာသားတစ်ဦးက “ ဒီမှာတော့ တနေကုန်ပစ်နေကြတာ။ အလုံးရေတောင် မရေနိုင်တော့ဘူး။ လက်နက်ကြီးတွေ ဆက်တိုက်ပဲဗျ။ အစပိုင်း TNLA ကသိမ်းပြီး သိပ်မကြာဘူး၊ စစ်တပ်ဘက်ကလည်း ဆက်တိုက် လက်နက်ကြီးနဲ့ ပစ်၊ အဲ့ဒီနောက်တော့ နှစ်ဖက်စလုံးက ပြန်ပစ်ကြတဲ့အသံတွေ ထပ်ကြားရတယ်။ စစ်ရေး အခြေအနေကတော့ တင်းမာနေကြတုန်းပဲ။ ကျနော်တို့လည်း ဘယ်မှမသွားရဲဘူး” ဟု ပြောသည်။

နှစ်ဖက်ကြား အပြန်အလှန်ပစ်ခတ်မှုများ၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကျင်တီကျေးရွာထဲရှိ နေအိမ်မှန်ပြတင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့သည့်အပြင် အရပ်သားပြည်သူ ထိခိုက်မှုများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။

ထို့အပြင် နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေတာကြောင့် လူဦးရေထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှုစာရင်းကို အတိအကျ မသိရသေးဘူးဟု ၎င်းတို့က ဆိုကြသည်။

ကျောက်မဲနှင့် သီပေါမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ တပ်စခန်းများဘက်မှလည်း ကျင်သီတံတားတပ်စခန်းဘက်ကို လက်နက်ကြီးများဖြင့် ပစ်ကူခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်က ပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” စတင်ခဲ့သည့် အောက်တိုဘာလ ၂၇ ရက်နေ့ မှ နိုဝင်ဘာလ ၁၂ ရက်နေ့အထိ ညီနောင်မဟာ မိတ် ၃ ဖွဲ့က ရှမ်းမြောက် မြို့ ၆ မြို့ နှင့် စစ်ကောင်စီ၏ တပ်စခန်း ၁၅၀ ကျော်ကို သိမ်းပိုက်ထားနိုင်ပြီဟု ထုတ်ပြန်ထားသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here