သိန္နီမြို့အဝင် ဖျက်ဆီးခံခဲ့ရသည့်တံတား MNDAA ပြန်လည်ပြင်ဆင်ပြီး ဒေသခံများအသုံးပြုနေ

0
426

သျှမ်းပြည် သိန္နီမြို့အဝင်ရှိ စစ်ဆင်ရေးအတွင်း ဖျက်ဆီးခံလိုက်ရသည့် နမ္မတူတံတားကို ကိုးကန့်တပ်ဖွဲ့ MNDAA က ပြန်လည်ပြင်ဆင်ပြီး ဒေသခံများ စတင်အသုံးပြု သွားလာနေပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

“၁၀၂၇ စစ်ဆင်ရေး” အစပိုင်းတွင် ဖျက်ဆီးခံလိုက်ရသည့် သိန္နီမြို့အဝင် နမ္မတူတံတားကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဖေဖော်ဝါရီလ ၃ ရက်နေ့ မှ စတင်၍ ဖေဖော်ဝါရီ ၈ ရက်နေ့ထိ ပြန်လည်တည်ဆောက်ပေးခဲ့ပြီး တန် ၈၀ ခံနိုင်မည့် သံမဏိသံဘောင်အမျိုးအစား ဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်က ကိုးကန့်မီဒီယာမှ သတင်းထုတ်ပြန်ခဲ့သည်။

သိန္နီမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက “ကိုးကန့်တပ်တွေက ကြံတောင်သူတွေ ကြံတင်ပို့ဖို့အတွက် တံတားပြန်ပြင် ပေးတယ်လို့ ပြောတယ်။ တောင်သူတွေ ကြံတင်ပို့ရမယ့် ရာသီရောက်ပြီပေါ့။ နမ္မတူမြစ် တစ်ဘက်ကမ်းက မိုင်းပါး၊ တိုင်ယက် ဒီရွာတွေက ကြံခင်းတွေ အများကြီးပဲ၊ တရုတ်ပြည်ကို ပို့မှာ” ဟု ပြောသည်။

လက်ရှိတွင် သိန္နီယာယီတံတားကို ကားငယ်များသာ ဖြတ်သန်းနေပြီး ကိုးကန့်တပ်ဖွဲ့ MNDAA က ပြန်လည်တည်ဆောက် ပေးခဲ့သည့် သိန္နီမြို့အဝင် နမ္မတူတံတားကြီးပေါ်မှ ယာဉ်ဖြတ်သန်းခအား မည်မျှကောက်ခံမည်ကို မသိရှိရသေးကြောင်း သိန္နီဒေသခံများက ပြောသည်။

“သိန္နီမှာ ခုထိ မီးလည်းမရသေးသလို စည်ပင်ရေလည်း မရသေးဘူး။ ဖုန်းလိုင်းလည်း အက်တမ်လိုင်း တစ်ခုပဲရတယ်။ ရှာယူမှရတာ လယ်ကွင်းထဲထိ ရှာယူရတယ်” ဟု နေရပ်ပြန်နေထိုင်သည့် သိန္နီမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိ၌ သိန္နီမြို့နယ်တွင် တိုက်ပွဲများငြိမ်သက်နေသဖြင့် စစ်ဘေးရှောင်များသည် မိမိနေအိမ်သို့ ပြန်သွားကြည့်ချိန် နေအိမ် ခြံဝန်းအတွင်း စစ်သားအလောင်းများအား တွေ့ရှိပြီး ပြန်လည်တူးဖော်ကာ အခြားနေရာသို့ သွားမြုပ်ပေးနေရကြောင်းလည်း သိန္နီမြို့ဒေသခံများထံမှ သိရသည်။

ညီနောင်မဟာမိတ်တပ်များက ၎င်းတို့ သိမ်းပိုက်ထိန်းချုပ်ထားသည့် ဒေသများအတွင်း နယ်စပ်တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ပျက်စီးသွားသည့် လမ်းတံတားများ ပြန်လည်ပြုပြင်တည်ဆောက်ရေးတို့ကို ဆောင်ရွက်နေသည်ဟု ကိုးကန့်မီဒီယာမှ ဖေဖော်ဝါရီလ ၈ ရက်တွင် ထုတ်ပြန်ထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here