သိန္နီမြို့တွင် လက်နက်ကိုင်တပ်များ အင်အားထပ်ဖြည့် ဒေသခံတချို့ စစ်ရှောင်နေရ

0
335
ပုံစာ- သိန္နီတွင်လက်နက်ကိုင်တပ်များအင်အားဖြည့်လာလို့ဒေသခံများတိမ်းရှောင်။

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင်၊ သိန္နီမြို့နယ် ကွန်ကောက်ကျေးရွာအုပ်စုနှင့် စယ်အူကျေးရွာအုပ်စုအတွင်း လက်နက်ကိုင်တပ်ဖွဲ့များ စစ်အင်အားဖြည့်တင်းလာသဖြင့် တိုက်ပွဲဖြစ်မည်ကိုစိုးရိမ်ပြီး ဒေသခံတချို့ စစ်ရှောင်နေရကြောင်း သိရသည်။

သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာအုပ်စုအတွင်း အောက်တိုဘာလ ၆ ရက်က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) မှ တပ်အင်အားဖြည့်တင်းနေပြီး၊ စယ်အူကျေးရွာအုပ်စုတွင်လည်း စစ်ကောင်စီတပ်က အင်အားဖြည့်တင်း ရောက်ရှိနေကြောင်း ဒေသခံများက ပြောဆိုသည်။

ယင်းကဲ့သို့ ကျေးရွာအနီး လက်နက်ကိုင်တပ်ဖွဲ့များ စစ်အင်အားဖြည့်တင်း စခန်းချနေထိုင်တာကြောင့် ဒေသခံ ကျေးရွာသားတချို့က ကြိုတင် စစ်ရှောင်နေရသည်ဟု အသက် (၃၀) ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“စစ်တပ်တွေက ရွာရဲ့ အနီးပတ်ဝန်းကျင်မှာ ရှိနေလို့ ကြောက်ရတာပေါ့၊ အဲ့ကြောင့် ဒေသခံ ၃၀၀ နီးပါးလောက်က ကြိုတင်စစ်ရှောင်နေရတယ်။ ဖိုင်ခမ်းဘုန်းကြီးကျောင်းမှာ ၁၀၀ လောက် ရှိတယ်၊ တချို့က မြို့ပေါ် အမျိုးတွေဆီကို ရှောင်သွားကြတယ်Ó ဟု အဆိုပါဒေသခံအမျိုးသားက ပြောသည်။

ကြိုတင်စစ်ရှောင်နေရသည့် ဒေသခံရွာသားများသည် တန့်ခန်ကျေးရွာ (ဝၢၼ်ႈတၢင့်ၶၢၼ်)၊ နောင်မွမ်းကျေးရွာ (ဝၢၼ်ႈၼွင်မွၼ်း)၊ ကွန်ကောက်ကျေးရွာ (ဝၢၼ်ႈၵုၼ်ၵွၵ်ႇ) နှင့် ပိန်းဟုန်းကျေးရွာ (ဝၢၼ်ႈပဵင်းႁုင်း) ကျေးရွာတို့မှ ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ကွန်ကောက်ကျေးရွာအတွင်း စခန်းချနေသည့် KIA တပ်အင်အား ၄၀၀ နီးပါး ရှိနေပြီး စယ်အူကျေးရွာ အတွင်းရှိ စစ်ကောင်စီတပ်သည်လည်း အင်အား ၂၀၀ ထက်မနည်း ရှိနိုင်ကြောင်း ဒေသခံများက ပြောပါသည်။

KIA တပ်စခန်းရှိရာ ကွန်ကောက်ရွာသည် စစ်ကောင်စီ စခန်းချနေသည့် စယ်အူရွာနှင့် နမ့်စလပ်ရွာကြား ရှိနေသည့် အတွက် တိုက်ပွဲပြင်းထန်မှာကို စိုးရိမ်ကြောင်း အိုက်စိုင်း (နာမည်လွှဲ) က အခုလိုပြောသည်။

“နမ့်စလပ်မှာ စစ်ကောင်စီ တပ်စခန်းရှိတယ်၊ အဲ့စခန်းကနေ လက်နက်ကြီးနဲ့ ပစ်လေ့ရှိလို့ တကယ်လို့ တိုက်ပွဲ ဖြစ်ရင် အဲ့တပ်ကနေ လက်နက်ကြီးနဲ့ ရမ်းပစ်ကြမှာ စိုးရိမ်ကြတာ၊ KIA တပ်ကတော့ တကယ်လို့ စကစ ရွာနား ရောက်လာရင် သူတို့ ဆုတ်ပေးမယ်၊ ရွာနား တိုက်ပွဲမဖြစ်စေရဘူးလို့ ဒေသခံတွေကို ပြောထားတယ်Ó ဟု အိုက်စိုင်း (နာမည်လွှဲ) က ပြောပြသည်။

ထို့အပြင် အောက်တိုဘာလ ၅ ရက် မွန်းလွဲပိုင်း ၁ နာရီ ဝန်းကျင်တွင်လည်း သိန္နီမြို့နယ် ကွန်ကောက်ကျေးရွာ အုပ်စုရှိ နမ့်တူချောင်းဘေး နယ်ကျွံရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ တိုက်ပွဲဖြစ်ပွာရာ စစ်ကောင်စီက ဆုတ်ခွာခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိအချိန်တွင် KIA တပ်ဖွဲ့မှ ကွန်ကောက်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းနား စခန်းချနေပြီး ကွန်လုံဘက် သွားလာသည့် ကုန်တင်ကားများထံမှ ဆက်ကြေးကောက်တောင်းခံနေကြောင်းလည်း ဒေသခံများက ပြောသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here