28 ဇွန် 2025 /

See today's Peace Related News

Homeသတင်းသာယာဝတီထောင်တွင် နိုင်ကျဉ်းတစ်ဦး ဆေးကုသခွင့် လုံလောက်စွာမရရှိမှုကြောင့် သေဆုံး

သာယာဝတီထောင်တွင် နိုင်ကျဉ်းတစ်ဦး ဆေးကုသခွင့် လုံလောက်စွာမရရှိမှုကြောင့် သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး ဆေးကုသခွင့် လုံလောက်စွာမရရှိသဖြင့် သေဆုံးခဲ့ရသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောဆိုသည်။

သေဆုံးသူနိုင်ငံရေးအကျဉ်းသားသည် ရန်ကုန်တိုင်း၊ လှည်းကူးမြို့မရဲစခန်းတွင် ပုဒ်မ ၅၀-ဈ ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသူ အသက် ၄၈ နှစ်အရွယ် ဦးကျော်စိုးဦး (ခ) ဦးဇော် ဖြစ်သည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် – PPNM က ထုတ်ပြန်သည်။

PPNM ဦးဆောင်ကော်မတီဝင်ဖြစ်သူ မရောင်နီလင်းက “မိသားစုနဲ့ ပေးတွေ့လားဆိုတော့ ထောင်ထဲမှာ သူတို့ ထောင်ထဲမှာ သေဆုံးသွားတယ်ပေါ့နော်။ သေဆုံးသွားတော့ ရင်ခွဲရုံကိုပို့တယ်။ နောက်ရက် အသုဘချတယ်ဆိုတော့ မိသားစုနဲ့ပေးတွေ့တာမျိုးတော့ ရှိခဲ့ပါတယ်။ မိသားစုကလည်း အပြင်မှာပဲ သဂြိုဟ်ပေးခဲ့တယ်” ဟု ပြောသည်။

ထောင်တွင်း ဆေးကုသခွင့်မရရှိခြင်း၊ ဆေးဝါးမလုံလောက်ခြင်း၊ ပြင်ပဆေးခန်းများသို့ ပြောင်းရွှေ့ကုသခွင့်မရရှိခြင်း စသည့် အကြောင်းအရာများကြောင့် ဇွန်လ ၁၀ ရက်နေ့တွင် နှလုံးရောဂါ၊ သွေးတိုးရောဂါခံများဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်သည်ဟု သိရသည်။

သာယာတီထောင်တွင် ကျန်းမာရေး စောင့်ရှောက်မှု လုံလောက်စွာမရရှိသဖြင့် နိုင်ကျဉ်းများအပါအဝင် အကျဉ်းသားအားလုံးသည် ရောဂါဖြစ်ပွားခြင်း၊ ဆေးကုသခွင့် ဆုံးရှုံး၍ ရောဂါအခံများ ပိုမိုဆိုးရွားလာခြင်း၊ သေဆုံးသင့်သည့် အခြေအနေမဟုတ်ဘဲ သေဆုံးရခြင်းများ ကြုံတွေ့နေကြရသည်ဟု မရောင်နီလင်းက ဆက်ပြောသည်။

“သာယာဝတီထောင်က သိတဲ့အတိုင်း ကြမ်းတဲ့ထောင်ပေါ့နော်။ အာဏာရှင်တွေရဲ့ လက်ပါးစေထောင်လို့ ပြောလို့ရတာပေါ့နော်။ ကြမ်းတမ်းတယ် ပြီးတော့ နာမည်ဆိုးနဲ့ ကျော်ကြားတယ်လို့ ပြောလို့ရပါတယ်။ အဲဒီတော့ သာယာဝတီထောင်မှာ ပြီးခဲ့တဲ့ နှစ်တွေတုန်းကဆိုရင် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိတာကြောင့် သေဆုံးခဲ့တာတွေလည်း ရှိတယ်။ ကျနော်တို့ကတော့ စောင့်ကြည့်လေ့လာဆဲပဲ ဖြစ်တယ်ပေါ့နော်” ဟု ၎င်းက ပြောသည်။

မြန်မာတစ်နိုင်ငံလုံးရှိ စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်များတွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ဇွန်လ ၆ ရက်နေ့အထိ လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု မရရှိသဖြင့် ထိခိုက်သေဆုံးသည့် နိုင်ကျဉ်းအရေအတွက်သည် ၁၀ ဦးခန့်ထိရှိပြီဟု PPNM စာရင်းပြုစုချက်များအရ သိရသည်။

NMG ပေးပို့သည်။