တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာရှိ ပဲဝကမ်းခြေမှာ ရငဲရွာသား ကိုဝင်းထိုက်ကို စစ်ကောင်စီနဲ့ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မတ် ၁၇ ရက်နေ့ ၉ နာရီအချိန်လောက်မှာ ရငဲရွာသား ကိုဝင်းထိုက်ဟာ ရငဲကျေးရွာကနေ ပဲဒက်ကျေးရွာဘက်ကို ဈေးရောင်းဖို့အသွား စစ်ကောင်စီနဲ့ပြည်သူ့စစ်အဖွဲ့ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရပြီး ပျောက်ဆုံးသွားခဲ့တာပါ။
ပျောက်ဆုံးသွားတဲ့ ကိုဝင်းထိုက်ရဲ့ ရုပ်အလောင်းကို အဲဒီနေ့ ညနေ ၄ နာရီလောက်က ပဲဝကမ်းခြေမှာ ဒေသခတွေက သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တာပါ။
ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ကိုဝင်းထိုက်ကို စစ်ကောင်စီနဲ့ပြည်သူ့စစ်အဖွဲ့တွေက ဖမ်းဆီးရိုက်နှက် နှိပ်စက်ပြီးနောက် ပစ်သတ်ခဲ့လို့ ရင်ဘတ်၊ လည်ပင်း၊ မျက်နှာတွေမှာ ဖူးယောင်ဒဏ်ရာ၊ ရင်ဘတ်ကျည်ဖောက်ဝင် ဒဏ်ရာတွေနဲ့ သေဆုံးသွားတယ်လို့ သိရပါတယ်။
ဒေသခံတွေအဆိုအရ လူပျိုကြီး ဖြစ်တဲ့ ရငဲရွာသား ကိုဝင်းထိုက်ဟာ ရွာစဉ်လှည့်ပြီး ဆိုင်ကယ်နဲ့ ဟင်းသီး ဟင်းရွက်ရောင်းသူတစ်ဦး ဖြစ်ပြီး သေဆုံးသူမှာ မျက်မမြင်ဖခင် ကျန်ရှိခဲ့တယ်လို့ ပြောပါတယ်။
အသတ်ခံလိုက်ရတဲ့ ကိုဝင်းထိုက်ရဲ့ ရုပ်အလောင်းကို မတ် ၁၈ ရက်နေ့ မနက်ပိုင်းအထိ ဘယ်သူမှ မကောက်ယူရသေးတဲ့အတွက် ပဲဝကမ်းခြေမှာ ဒီအတိုင်းပဲ ရှိနေတယ်လို့ ဆိုပါတယ်။
စစ်တပ် လော်ဘီ တယ်လီဂရမ်အကောင့်တွေမှာတော့ ကိုဝင်းထိုက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေထံ ထောက်ပို့လုပ်ဆောင်နေတဲ့အတွက်ကြောင့် ဖမ်းဆီးသတ်ဖြတ်ခဲ့တာလို့ ရေးသားနေကြပါတယ်။
ပြီးခဲ့တဲ့ ဖေေဖော်ဝါရီ ၇ ရက်နေ့ကလည်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ သရက်ချောင်းမြို့နယ် ရငဲကျေးရွာ ဒေသခံ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါသေးတယ်။
သံလွင်တိုင်းမ် – ပေးပို့သည်။