သပေါ့ကန်တွင် တပ်ဆုတ်လာသည့် စစ်ကောင်စီတပ် ဝင်ရောက်တပ်စွဲလို့ ရွာသားများ နေအိမ်များစွန့်ခွာထွက်ပြေး

0
94
Photo - CJ

ရခိုင်နှင့် ဧရာဝတီတိုင်းအစပ်ရှိ ဘောမိကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် အကျအဆုံးများနေသည့် စစ်ကောင်စီတပ်သည် သပေါ့ကန်ကျေးရွာကို တပ်ဆုတ်လာပြီး ဘုန်းတော်ကြီးကျောင်းတွင် ဝင်ရောက်တပ်စွဲထားသဖြင့် ကျေးရွာသားများမှာ နေအိမ်များကို စွန့်ခွာထွက်ပြေးနေကြောင်း ရွာသားများထံမှ သိရသည်။

ဒေသခံရွာသားတစ်ဦးက “အခု သပေါ့ကန်ကျေးရွာသားတွေ ရွာကနေထွက်ပြေးတာ ကား ၁၀ စီးကျော်ပြီ။ စစ်သားတွေ ဒဏ်ရာရလူနာတွေနဲ့ ဘောမိဘက်ကဆုတ်လာပြီး ဘုန်းကြီးကျောင်းမှာ စခန်းချတယ်။ သပေါ့ကန်ထိတော့ တိုက်ပွဲမဖြစ်သေးဘူး။ ဒါပေမယ့် တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်ပြီး ပြေးကြတာပါ” ဟု ပြောသည်။

အာရက္ခတပ်တော် AA နှင့် ပူးပေါင်းမဟာမိတ်တပ်များသည် ဘောမိကျေးရွာအား ထိန်းချုပ်လိုက်ပြီး ဘောမိရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“ဘောမိကို AA ရသွားပြီ။ ဒါကြောင့် စစ်တပ်နောက်ဆုတ်လာတာ၊ သပေါ့ကန်ကို မရောက်ခင် ကျွန်းချောင်းရွာ ရှိတယ်။ ကျွန်းချောင်းတံတား မပြီးသေးဘူး။ အဲဒီချောင်းကို ဖြတ်ပီးရင်တော့ သပေါ့ကန်၊ ရွှေသောင်ယံ တောက်လျှောက်ပါပဲ” ဟု ပြောသည်။

လက်ရှိ၌ စစ်ကောင်စီတပ်သည် ပင်လယ်ကမ်းခြေတလျှောက်ရှိ ဝက်သေ၊ ပိုးလောင်း၊ ကျူတော၊ သပေါ့ကန်တို့တွင် တင့်ကားများချထားပြီး တပင်မှော်ရေတပ်ကို တိုက်ခိုက်မည်ကိုစိုးရိမ်၍ ဝက်သေတွင် ကြည်း၊ ရေတပ်များဖြင့် ပူးပေါင်းကာ အင်အားအများအပြား ဖြည့်တင်းထားသည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တို့ထံမှ သိရသည်။

ဝက်သေကျေးရွာတွင် မကျီးဇင်မှတပ်ဆုတ်လာသည့် စစ်ကောင်စီတပ်သားများအပြင် နောက်ထပ် စစ်ကောင်စီအင်အား ၃၀၀ ခန့်ကိုပါ တိုးချဲ့ချထားကြောင်း စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

တဖက်တွင်လည်း စစ်ကောင်စီတပ်သည် မကျီးဇင်ကျေးရွာကို ပြန်လည်ရရှိရေးအတွက် ကြည်း၊ ရေ၊ လေ တပ်များဖြင့် ပြန်လည် ထိုးစစ်ဆင်နေပြီး အနီးရှိကျေးရွာများကိုလည်း လေကြောင်းမှ ဗုံးကြဲနေတာကြောင့် ဒေသခံများမှာ ပုသိမ်နှင့် သာပေါင်းမြို့များသို့ ဆက်တိုက် တိမ်းရှောင်နေကြကြောင်းလည်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here