သထုံတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ၆ ဦး ထိခိုက်ဒဏ်ရာရ

0
293
ပုံစာ - စစ်ကောင်စီတပ်၏လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသည့် ကလေးငယ်တစ်ဦး (Photo- KNU)

ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ၊ သထုံခရိုင် သထုံမြို့နယ်၊ ရွှေရောင်ပြကျေးရွာအုပ်စုရှိ ရွှေရောင်ပြကျေးရွာတွင် ဇူလိုင် ၇ ရက် နေ့လည်ပိုင်းက စစ်ကောင်စီတပ်၏ လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၂ ဦး အပါအဝင် ဒေသခံ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။

လက်နက်ကြီးပစ်ခတ်မှုကို သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီ အမြှောက်တပ်ရင်း အမတ (၃၁၄) မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းတို့ပစ်ခတ်ခဲ့သည့် လက်နက်ကြီး သုံးလုံးအနက် ရွှေရောင်ပြကျေးရွာအတွင်း တစ်လုံးကျရောက် ပေါက်ကွဲ၍ ဒေသခံ အသက် ၅ နှစ်အရွယ် ယောက်ျားလေးတစ်ဦး၊ အသက် ၉ နှစ် အရွယ် မိန်းကလေးတစ်ဦး၊ သက်လတ်ပိုင်းအရွယ် အမျိုးသမီး သုံးဦးနှင့် အမျိုးသားတစ်ဦးတို့ အသီးသီး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ရွှေရောင်ပြရွာ ဆိုတာ နာမည်ကြီးပဲ၊ ဟိုအရင် အာဏာမသိမ်းခင်ကတည်းကလည်း အဲ့နားက တပ်စခန်းတွေက ခဏခဏ ပစ်ခတ်ခံရတယ်။ အဲ့ဒီရွာနား သိပ်မဝေးတဲ့နေရာမှာ လေ့ကျင့်ရေးတပ်တွေ ရှိတယ်လေ၊ တပ်စခန်းတွေကြားမှာ ရှိသလို ဖြစ်နေတာ။ ရွာခံတွေဆိုလည်း ပြေးလိုက်နေလိုက်ပဲ။ စစ်တပ်က ခုနောက်ပိုင်း ဒေသခံတွေကို ဦးတည်ပြီးလုပ်တာ” ဟု နယ်မြေအနေအထားနှင့် ပတ်သက်၍ နယ်ခံအမျိုးသား တစ်ဦးက ပြောသည်။

ကေအဲန်ယူ၏ ဇူလိုင်လ ၈ ရက်နေ့ ထုတ်ပြန်ချက်ပါအရ ဒေသခံများသည် ၎င်းတို့နေအိမ်အတွင်းရှိနေစဉ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့၍ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြခြင်းဖြစ်ပြီး ကျည်စများကြောင့် အခြားဒေသခံ နေအိမ် ၃ လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ကြောင်း ဖော်ပြပါရှိသည်။

ယင်းအပြင် ဇွန်လ ၂၉ ရက်နေ့တွင် ပူးပေါင်းတပ်ဖွဲ့များ၏ မိုင်းခွဲဖျက်ဆီးမှုကြောင့် ပျက်စီးသွားသော ကျုံအိတ်တံတား (ရွှေရောင်ပြတံတား) အား ပြန်ပြုပြင်ရာတွင် လုံခြုံရေးယူ ကင်းပုန်းဝပ်နေသော စစ်ကောင်စီ တပ်ဂိတ်စခန်းနှစ်ခုနှင့် အဆိုပါ အမတ- ၃၁၄ တပ်ရင်းတို့အား ဇူလိုင် ၇ ရက်နေ့ မနက်ပိုင်းက KNLA ပူးပေါင်း တပ်မှ ဒရုန်းဖြင့် ထပ်မံပစ်ခတ်ခဲ့ပြီး၊ စစ်ကောင်စီဘက်မှလည်း လက်နက်ကြီးများဖြင့် တုံ့ပြန်ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များက ဆိုသည်။

သထုံမြို့နယ်နှင့် ဘီးလင်းမြို့ အကြားတွင်ရှိသော ရွှေရောင်ပြကျေးရွာသည် စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ မကြာခဏခံရပြီး ဒေသခံ ထိခိုက်သေဆုံးခြင်းများလည်း ရှိထားကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ ကလည်း အဆိုပါအမြှောက်တပ်ရင်းမှ အကြောင်းမဲ့ လက်နက်ကြီးပစ်ခတ်ခဲ့လို့ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အသက်မပြည့်သေးသော ကလေးငယ် ၃ ဦး အပါအဝင် အမျိုးသမီး ၂ ဦး စုစုပေါင်း ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here