ကရင်အမျိုးသားအစည်းအရုံး- KNU နယ်မြေ၊ တပ်မဟာ (၁)၊ မွန်ပြည်နယ်၊ သထုံခရိုင်တွင် ယခုဇန်နဝါရီလ အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်မှုနှင့်အလားတူ ဒရုန်းသုံး တိုက်ခိုက်မှုများပါ ပိုမိုလုပ်ဆောင်လာနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးသတင်းအရင်းအမြစ်တို့က ပြောဆိုသည်။
၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ လက်ရှိအချိန်ထိ သထုံခရိုင်ရှိ မြို့နယ်အချို့တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသည့်တိုင် စစ်ကောင်စီဘက်က ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်က ကျေးရွာများဘက်သို့ စစ်ကြောင်းဝင်၍ ဒရုန်းသုံးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ပြုလုပ်ရာ၌ ယခင်ကထက် မော်ဒယ်အဆင့်မြင့်သည့် ဒရုန်းများပါသယ်ဆောင်၍ တော်လှန်ရေးအင်အားစုများ ရှိနေနိုင်သည့် နေရာများနှင့် ပြည်သူများနေထိုင်ရာ ကျေးရွာများသို့ ပစ်ခတ်တိုက်ခိုက်မှု ပိုမိုပြုလုပ်လျက်ရှိကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်များ ပြောဆိုမှုအရ သိရသည်။
“မဲပလီရွာဘက်မှာဖြစ်တော့ စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးတယ်။ အဲဒီတုန်းကလည်း ဒရုန်းတွေပါ သယ်လာတာ။ သူတို့ဒရုန်းတွေက တော်တော်လေးကွာလတီမီတာတွေ သုံးလာတယ်လို့ ပြောလို့ရတာပေါ့။ ကင်မရာတွေ တော်တော်ကောင်းတယ်။ ထိရောက်တဲ့အားလည်း ကောင်းတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထို့အပြင် ဇန်နဝါရီ ၁၈ ရက်နေ့က ကျိုက်ထိုမြို့နယ် ငှက်ပျောတော၊ တဂေးချောင်းဖျားအကြားမှနေ၍ ဒရုန်းပါသယ်ဆောင်ကာ စစ်ကြောင်းထိုးဝင်လာသော စစ်ကောင်စီအင်အား ၃၀ ခန့်သည် ကရဝေးဆိပ်ကျေးရွာဘက်သို့ ဒရုန်းပစ်ခတ်ခဲ့ရာ ဒေသခံနေအိမ်ပေါ်ကျရောက်ပြီး အမျိုးသားတစ်ဦး ထိခိုက်ခဲ့သည်။
ထို့အတူ ဇန်နဝါရီ ၁၉ ရက်နေ့ကလည်း ခရွှဲ၊ အောင်နဝင်းကုန်းနှင့် စစ်ကွင်းကျေးရွာသို့ လက်နက်ကြီးအပြင် ဒရုန်းနှင့် ဗုံးကြဲချမှုကြောင့် ဒေသခံပိုင်နေအိမ်နှင့် ဆိုင်ခန်းအချို့ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု KNU သထုံခရိုင်၏ ထုတ်ပြန်ချက်အရ သိရသည်။
ကျိုက်ထိုမြို့နေ အမျိုးသမီးတစ်ဦးက “ခုနောက်ပိုင်း စကစက လက်နက်ကြီးထက် ဒရုန်းသုံးတာ ပိုများလာတယ်။ ဒီလထဲ မဲရုံလေးဘက်မှာ တခါကျတုန်းက လက်နက်ကြီးသံ မကြားရဘူး။ အုန်းခနဲပဲ ဒရုန်းသံ။ တစ်နေ့ကို ငါးခါခြောက်ခါလောက် ဒရုန်းပျံတယ်။ ကင်းထောက်ဒရုန်းတွေလို့ ထင်တာပဲ” ဟု အဆိုပါအမျိုးသမီးက ပြောသည်။
လက်ရှိအချိန်ထိလည်း ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်အင်အား ၁၀၀ ဝန်းကျင် ဖြင့် စစ်ကြောင်းလှည့်လည် သွားလာနေခြင်းများရှိနေသည်ဟု ဒေသခံတို့ပြောဆိုမှုအရ သိရသည်။
စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိပစ်ခတ်မှုကြောင့် ဇန်နဝါရီ ၂၁ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောရွာ အောက်ပိုင်းနေ အမျိုးသမီး ၁ ဦး သေဆုံးပြီး၊ ဆယ်ကျော်သက်ရွယ် မိန်းကလေးငယ်အပါအဝင် အမျိုးသမီး ၃ ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာများ ရရှိခဲ့သည်။
KIC ပေးပို့သည်။