မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင် ကားလမ်းတွင် ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်းက မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ဘေးတွဲဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရသည်။
ဇူလိုင်လ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ ဘုန်ကြီးကျောင်းအနီး ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင်အမှတ် ၁၄၇/၅ နှင့် ၁၄၇/၆ ကြားတွင် မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
မိုင်းပေါက်ကွဲချိန်တွင် နောင်ကုလားကျေးရွာဘက်မှ သထုံမြို့ဘက်သို့ ဖြတ်သန်းမောင်းနှင်လာသည့် ဘေးတွဲဆိုင်ကယ်တစ်စီး ထိမှန်သွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။
မိုင်းထိမှန်မှုကြောင့် ဘေးတွဲဆိုင်ကယ် မောင်းနှင်သူ နောင်ကုလားနေ အသက် ၄၅ နှစ် အရွယ် ဦးအောင်မြင့်ကြည် (ခ) ကိုမောင်စီးဆိုသူ၏ ဝမ်းဗိုက်၊ ဝဲဘက်ပေါင်နှင့် ယာဘက်ခြေထောက်တို့တွင် မိုင်းစထိမှန် ထိခိုက်ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့သည်။
“ဘေးတွဲဆိုင်ကယ်က ဖြတ်သွားနေတဲ့အချိန်မှာ ပေါက်ကွဲသွားတော့ ထိသွားတာ။ တခြားထိခိုက်ဒဏ်ရာရတဲ့သူတော့ မရှိဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။
မိုင်းစထိမှန် ဒဏ်ရာရရှိသူကို လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာနှင့် ကလိကျွန်းကျေးရွာကြား ရန်ကုန်-မော်လမြိုင် ကားလမ်းတွင် ပြီးခဲ့သည့် ဇွန်လ ၆ ရက်နေ့ကလည်း ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦး မိုင်းဆွဲတိုက်ခိုက် ခံခဲ့ရပြီး တစ်ဦး မိုင်းစထိမှန်ဒဏ်ရာ ရရှိခဲ့သေးသည်။
မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ရန်ကုန်-မော်လမြိုင် ကားလမ်းတလျှောက်တွင် စစ်ကောင်စီ ယာဉ်တန်းများ မကြာခဏ တိုက်ခိုက်ခံရလေ့ ရှိသည့်အပြင် ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်များ၊ လူမှုကယ်ဆယ်ရေး ယာဉ်များနှင့် ဆိုင်ကယ်များ၊ ဘေးတွဲဆိုင်ကယ်များ ပစ်ခတ် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်၊ မိုင်းဆွဲ တိုက်ခိုက်ခံရသည့်ဖြစ်စဉ် မကြာခဏ ဖြစ်လေ့ရှိသည်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အရပ်သား ထိခိုက်တာ သေဆုံးတာတွေလည်း ရှိနေသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။
IMNA ပေးပို့သည်။