နိုင်ငံတကာသတင်းသမားများအဖွဲ့ချုပ် IFJ က စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် မြန်မာသတင်းထောက် (၅) ဦးပါဝင်လာကြောင်း ထုတ်ပြန်ချက်တစ်ရပ်အား မေလ (၈) ရက်နေ့က ထုတ်ပြန်ထားပြီး ထိုထုတ်ပြန်ချက်တွင် သတင်းသမားများ ဖမ်းဆီးခံရမှုအများဆုံး ကမ္ဘာ့နိုင်ငံများအနက် မြန်မာသည် ဒုတိယနေရာတွင်ရှိနေကြောင်း ပြောဆိုထားသည်။
ပြီးခဲ့သည့် မေလ (၃) ရက်နေ့က ကဆုန်လပြည့်နေ့အထိမ်းအမှတ်အနေဖြင့်ဟုဆိုကာ စစ်ကောင်စီသည် အကျဥ်းထောင်အသီးသီးရှိ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် အကျဥ်းကျခံနေရသော အကျဥ်းသား၊သူ နှစ်ထောင်ကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။
၎င်းတို့အနက် မဇ္ဇိုမသတင်းထောက် မညိမ်းညိမ်းအေး (ခေါ်) မေဘယ်လ်၊ အလွတ်တန်းဓာတ်ပုံသတင်းထောက် ကိုဇော်လင်းထွဋ် (ခေါ်) ဖိုးသား၊ အလွတ်တန်းသတင်းထောက် မယဥ်ယဥ်သိန်း (ခေါ်) နဘား၊ မော်ကွန်းသတင်းဌာနမှ အယ်ဒီတာ ကိုကျော်ဇေယျနှင့် အလွတ်တန်းဓာတ်ပုံသတင်းထောက် ကိုဇော်ထွန်းတို့ (၅) ဦးသည်လည်း ပြန်လည်လွတ်မြောက်သူများတွင် ပါဝင်လာခဲ့သည်။
IFJ ၏ ထုတ်ပြန်ချက်တွင် စစ်ကောင်စီမှအာဏာသိမ်းယူသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ဖမ်းဆီးခံခဲ့ရသော သတင်းသမား အနည်းဆုံး (၁၇၆) ဦးရှိနေပြီး (၄) ဦးမှာ သတ်ဖြတ်ခြင်းခံခဲ့ရကြောင်း၊ ထိုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးနောက် လက်ရှိအချိန်ထိ သတင်းသမား (၅၀) ဦးထက်မနည်းသည် အကျဥ်းချခံနေရဆဲ (သို့မဟုတ်) ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့အပြင် IFJ မှ ၂၀၂၂ခုနှစ်အတွက် စာရင်းပြုစုထားသည့် နှစ်စဥ်အသတ်ခံရမှုမှတ်တမ်းအရ ကမ္ဘာတွင် သတင်းသမားများအား အများဆုံးဖမ်းဆီးထောင်ချသည့်နိုင်ငံများစာရင်းတွင် တရုတ်နိုင်ငံပြီးနောက် မြန်မာနိုင်ငံက ဒုတိယနေရာဖြစ်လာသည်ဟု ဆိုသည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ သတင်းစာဆရာတစ်ဦးက “သတင်းမီဒီယာတော်တော်များများက ပြည်ပမှာရပ်တည်နေရတယ် ပြည်တွင်းရှိနေတဲ့သူတွေကျတော့လည်း ဖမ်းခံရတဲ့အန္တရာယ်က အများဆုံးရှိနေတယ်။ နောက် ဝင်ငွေရရှိနိုင်တဲ့အခွင့်အလမ်းက ပိုနည်းသွားတော့ ရေရှည်ရပ်တည်ဖို့ ခက်ခဲလာတယ်။ မြန်မာ့နိုင်ငံရေးပြဿနာက နှစ်ရှည်ကြာလာတာနဲ့အမျှ နိုင်ငံတကာရဲ့စိတ်ဝင်စားမှုနဲ့ အကူအညီပေးနိုင်တဲ့ပမာဏ လျော့နည်းလာတာကိုတွေ့ရတယ်” ဟု သုံးသပ်ပြောဆိုသည်။
ထို့အပြင် လွတ်လပ်သောမီဒီယာများသည် မိမိပရိတ်သတ်ရှိရာရေမြေပေါ်တွင် လုပ်ကိုင်နေရခြင်းမရှိသည့်အခါ ရပ်တည်ရေး၊လုံခြုံရေးခက်ခဲ၍ နိုင်ငံတကာမှ မီဒီယာများသို့ ငွေကြေးထောက်ပံ့မှုနည်းလာမည့်အချိန်တွင် သတင်းနယ်ပယ်ကိုစွန့်ခွာမှုများ၊ မီဒီယာလုပ်ငန်းလုပ်ကိုင်သူများ လျော့နည်းလာနိုင်ကြောင်း ဦးမြင့်ဇော်က ဖြည့်စွက်သုံးသပ်သည်။
အလားတူ မြန်မာပြည်သူ၊ပြည်သားများသည် စစ်ကောင်စီမှ ကလေးသူငယ်များအား ပစ်မှတ်ထားခြင်း၊ လူသားဒိုင်းကာအဖြစ် အရပ်သားများအသုံးပြုခြင်း၊ မတရား အတင်းအကြပ်ဖမ်းဆီးခြင်းစသည့် ပြင်းထန်သောလူ့အခွင့်အရေးချိုးဖောက်မှုများကြားမှ တရားဝင်ဒီမိုကရေစီတည်တံ့ရေးအတွက် ခုခံတိုက်ပွဲဝင်နေကြရသကဲ့သို့ လက်ရှိ မြန်မာနိုင်ငံသည်လည်း သွေးစွန်းသောပြည်တွင်းစစ်ပွဲအခြေအနေတွင် ရှိနေကြောင်း IFJ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆက်လက်ပြီး စစ်ကောင်စီသည် သတင်းသမား (၄) ဦးအပါအဝင် လူပေါင်း (၃,၄၅၉) ဦးအား သတ်ဖြတ်ခဲ့ပြီး ကလေးသူငယ် (၂၈၂) ဦးအပါအဝင် (၂၀,၈၈၃) ဦးအား ဖမ်းဆီးထားကြောင်း၊ ၎င်းတို့အာဏာသိမ်းယူချိန်မှစ၍ လူပေါင်း (၁၃,၇၁၉) သည် ဖမ်းဆီးထိန်းသိမ်းခံနေရဆဲရပြီး (၁၄၃) ဦး သေဒဏ်ချမှတ်ခြင်းခံခဲ့ရသည်ကို AAPP ၏ မေလ (၃) ရက်နေ့အစီရင်ခံစာအရ သိရှိရကြောင်း ထည့်သွင်းရေးသားထားသည်။
IFJ အနေဖြင့် အဖွဲ့ဝင်ဖြစ်သော မြန်မာသတင်းသမားများကွန်ရက် MJN နှင့် ပူးပေါင်းကာ ဖမ်းဆီးထိန်းသိမ်းခြင်းခံထားရဆဲဖြစ်သည့် သတင်းသမားများအားလုံးကို ချက်ချင်းလွှတ်ပေးရန် စစ်ကောင်စီအားတိုက်တွန်းခြင်း၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေကို ပြင်းပြင်ထန်ထန်ချိုးဖောက်ကျုးလွန်သူများအား အရေးယူရန်နှင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသော အကျပ်အတည်းများကို နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် တတ်နိုင်သလောက် ဖြေရှင်းရန်စသည်တို့ကို တောင်းဆိုထားသည်ဟု ယင်းထုတ်ပြန်ချက်အရ သိရသည်။
MJN အနေဖြင့်လည်း သတင်းသမားများကို ဖြေလွှတ်ပေးခြင်းသည် အပြုသဘောဆောင်သော ခြေလှမ်းတစ်ခုဖြစ်ပြီး သတင်းပညာရပ်သည် ပြစ်မှုတစ်ခုမဟုတ်သလို သတင်းသမားတစ်ဦးအနေဖြင့် မိမိလုပ်ဆောင်ရမည့်အလုပ်ကို လုပ်ဆောင်ခြင်းကြောင့် ဖမ်းဆီးခံရခြင်းနှင့် မထိုက်တန်ကြောင်းအပြင် သတင်းသမား (၅၀) ထက်မနည်းသည်လည်း အကျဥ်းထောင်အတွင်း ရှိနေသေးကြောင်း ဆိုထားသည်။
ထို့အတူ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ထုတ်ပြန်ခဲ့သည့် IFJ ၏ အစီရင်ခံစာတွင် နိုင်ငံတကာအစိုးရများအနေဖြင့် နိုင်ငံပြင်ပမှ လူ့အခွင့်အရေးချိုးဖောက်နေသူများကို ပိတ်ဆို့အရေးယူရန် ဥပဒေများအသုံးပြုခြင်းအပါအဝင် စစ်ခေါင်းဆောင်များအပေါ် ဖြစ်နိုင်သမျှနည်းမျိုးစုံဖြင့် ဖိအားများတိုးပေးရန် စသည်တို့ကို ထည့်သွင်းတောင်းဆိုခဲ့သည်။
နန့်ဆန်းထီ (KIC) – ပေးပို့သည်။