ဝိုင်းမော်ဒေသတွင် လီဆူမျိုးနွယ်များ မိသားစုပါမကျန် တပ်သားသစ်စုဆောင်းခံနေရဟုဆို

0
321
ပုံစာ - လီဆူပြည်သူ့စစ်ခေါင်းဆောင်ဦးရွှေမင်း

ကချင်ပြည်နယ်၊ ဝိုင်းမော်ဒေသတွင် ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့တွေက ပြည်သူ့စစ်အင်အား နည်းပါးသွားတဲ့အတွက် လီဆူမျိုးနွယ်များကို မိသားစုပါမကျန် အဓမ္မဖမ်းဆီးပြီး တပ်သားစုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောဆိုသည်။

ဝိုင်းမော် အောင်မြေ (၁) ရှိ ပြည်သူ့စစ်တပ်စခန်း အထိုင်ချထားသည် အင်လုန်ခ (N-Lung Hka) တံတား၌ လမ်းသွားလမ်းလာ ပြည်သူများကို တစ်ယောက်မကျန် စစ်ဆေးနေပြီး လီဆူလူမျိုးဖြစ်သူတွေကို ဖမ်းဆီး ထားတယ်လို့ အောင်မြေ (၁) ဒေသခံ အမျိုးသမီးတစ်ဦးက အခုလိုပြောဆိုသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး အရမ်းအံ့ဩနေကြတယ်။ စနေနေ့မှာလည်း အများကြီး ဖမ်းထားတယ်။ အဲ့ဒီဂိတ်မှာ ရောက်တာနဲ့ ဘာလူမျိုးလဲ အရင်မေးတယ်။ လီဆူနဲ့ လော်ဝေါ်ဆိုရင် အကုန်ရပ်ခိုင်းနေတယ်။ အများကြီး ဖမ်းထားတယ်။ ကားပေါ်မှာ ပါလာရင်လည်း လီဆူဆိုရင် အကုန်ဆွဲချတယ်။ မိခင်တွေပါမကျန် ဖမ်းတယ်။ အဲ့ကြောင့်လေ သွားလာဖို့ အရမ်းခက်နေတယ်။ ဒီကနေ့လည်း ဖမ်းနေတယ်” ဟု ၎င်းက ဆိုသည်။

အင်လုန်ခ ပြည်သူ့စစ်ဂိတ်နေရာတွင် ဇန်နဝါရီလ ၁၃ ရက်နေ့ စနေနေ့က ယင်းကဲ့သို့ တင်းတင်းကြပ်ကြပ် ဖမ်းဆီးနေတာဖြစ်ပြီး လက်ရှိတွင် ဖမ်းဆီးခံထားရသူ လီဆူပြည်သူ ၃၀ ဦးလောက် ရှိတယ်လို့ ဒေသခံများက ပြောသည်။

ဒါ့အပြင် ဝိုင်းမော်မြို့နယ်ထဲရှိ လီဆူလူမျိုးများ အများဆုံးနေထိုင်ကြသည့် အောင်မြေ(၁) ၊ ဝူယာန်နဲ့ စန်ကား စသည့် နေရာများ၌ တစ်အိမ်ဆင်းတစ်အိမ်တက် ပြည်သူ့စစ်တပ်သား မလုပ်မနေရ အတင်းလိုက်လံ ဖမ်းဆီးနေပြီး ပြည်သူ့စစ်လုပ်ဖို့ ငြင်းဆန်တိမ်းရှောင်ကြသည့် နေအိမ်များရှိ အသက်ကြီးသူတွေကိုပါ ဖမ်းဆီးသွားတယ်လို့ အထက်ပါ ဒေသခံအမျိုးသမီးက ဆက်ပြောသည်။

“ဖမ်းဆီးတာကလေ အင်လုန်ခ ပြည်သူ့စစ်နေရာမှာပဲ မဟုတ်ဘူး။ အိမ်အထိလည်း လိုက်ဖမ်းနေတယ်။ ဒီတလော ပိုဆိုးဆိုးရွားရွား လုပ်နေကြတယ်။ သူတို့လိုက်ဖမ်းတဲ့အခါမှာ အရွယ်ရောက်တဲ့ လူငယ်တွေ မရှိဘူးဆိုရင် အိမ်မှာရှိတဲ့ အသက်ကြီးတဲ့သူတွေကိုပါ မရရအောင် ဖမ်းဆီးသွားပြီး အတင်းအဓမ္မ ဝန်ခံကတိလက်မှတ်တွေ ရေးထိုးခိုင်းပြီး ပြန်လွှတ်ပေးတယ်” လို့ ၎င်းက ပြောပါသည်။

ဝိုင်းမော်မြို့နယ်ထဲတွင် ဦးရွှေမင်း ဦးဆောင်သည့် ပြည်သူ့စစ်အဖွဲ့တွေက ပြည်သူ့စစ်တပ်သား စုဆောင်းတာတွေကို နှစ်ဆန်းပိုင်းလောက်ကနေ စုဆောင်းနေတာြဖစ်ပြီး ယခုချိန်တွင် ဆိုးဆိုးရွားရွား ဖမ်းဆီးစုဆောင်းလာတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုသည်။

ယခုလို မိသားစုများပါမကျန် ဖမ်းဆီးလာသည်အထိ လုပ်ဆောင်လာတာဟာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၈ ရက်နေ့ လောက်က တာလောကြီးကျေးရွာအနီးတဝိုက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနောက်ပိုင်း ပြည်သူ့စစ်လုပ်ဖို့ စုဆောင်းထားသည့် တပ်သားအများစုမှာ ထွက်ပြေးသွားကြတာကြောင့် စစ်အင်အားလျှော့နည်းလို့ ဖြစ်သည်ဟု အောင်မြေ (၁) ဒေသခံ အမျိုးသားတစ်ယောက်က အခုလိုပြောသည်။

“တာလောကြီးဘက်မှာက KIA တွေ ဝင်လာပြီဆိုရင် လက်နက်ချတာတို့၊ တချို့က ချောင်းတွေမှာ လက်နက် ပစ်ချသွားပြီး ပြေးတဲ့သူတွေပြေး၊ ဘော်ဆာဒီးမှာ တိုက်ခိုက်ခံရတုန်းကလည်း ပြည်သူ့စစ်ဘက်က အထိနာသွားလို့ KIA ဖမ်းဆီးသွားတာတွေလည်း ရှိတယ်။ အဲ့ဒါကြောင့် စစ်အင်အား တော်တော်နည်းသွားတယ်လို့ ပြည်သူ့စစ်ထဲကသူတွေ ပြောပြတယ်” ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် ပြည်သူ့စစ်တပ်ဖွဲ့မှ ထွက်ပြေးသွားတဲ့သူတွေကို တပ်ထဲ ပြန်ဝင်လာကြဖို့နဲ့ ပြည်သူ့စစ်တပ်ထဲဝင်ဖို့ ငြင်းဆန်ပြီး ထွက်ပြေးတိမ်းရှောင် နေကြသူတွေကိုလည်း တပ်ထဲ ပြန်ရောက်လာအောင် ဝိုင်းမော်မြို့ထဲက လီဆူလူမျိုးတွေကိုပါ အစုလိုက် လိုက်လံဖမ်းဆီးနေတာဖြစ်တယ်ဟု ဒေသခံများက ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့ ရက်စွဲဖြင့် ဦးရွှေမင်းပြည်သူ့စစ်အဖွဲ့က ဝိုင်းမော်မြို့နယ် အတွင်းရှိ လီဆူလူမျိုးတွေ တစ်အိမ်တစ်ယောက် မဖြစ်မနေ ပြည်သူ့စစ်လုပ်ရမယ်လို့ ထုတ်ပြန်လိုက်ပြီးနောက်ပိုင်း လီဆူလူငယ်နဲ့ လူလတ်ပိုင်းအများစုဟာ မြို့နယ်အတွင်းက ထွက်ပြေးတိမ်းရှောင်သွားကြတယ်လို့လည်း ဒေသခံများပြောဆိုမှုအရ သိရသည်။

အခုလို ဝိုင်းမော်ဒေသတွင် စစ်ကောင်စီလက်အောက်ရှိ လီဆူပြည်သူ့စစ်တပ်ဖွဲ့တွေက ဒေသခံလီဆူ ပြည်သူများအား အေးချမ်းစွာ နေထိုင်လို့မရအောင် အတင်းအဓမ္မ ဖမ်းဆီးပြီး တပ်သားစုဆောင်းနေမှုကို ဝိုင်းဝန်းတာဝန်ယူ ဖြေရှင်းပေးကြဖို့လည်း လီဆူဒေသခံတွေက တောင်းဆိုနေကြသည်။

KNG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here