ဝါဒဖြန့်စွဲဆိုချက်ဖြင် အမ်းဒေသခံအမျိုးသမီး၂ ဦး အပါအဝင် ၄ ဦး ကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်

0
220

နိုင်ငံတော်မတည်မငြိမ်ဖြစ်ရန် ဝါဒဖြန့်သည်ဟုဆိုပြီး ပုဒ်မ ၅၀၅ (က) နှင့် ၃ ဦး၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ ၁၇ (၂) တို့ဖြင့် ၁ ဦး၊ စုစုပေါင်း အမ်းဒေသခံ ၄ ဦး ကို ရခိုင်ပြည်၊ အမ်းမြို့နယ် စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် ၃ နှစ်စီ အသီးသီးချမှတ်လိုက်ကြောင်း အမ်းမြို့ခံများထံမှ သိရှိရသည်။

အမ်းမြို့ဈေးတောင်ရပ်ကွက်မှ မတင်နီလာအောင်၊ ဒိုင်ကြီးကျေးရွာမှ ဒေါ်မိုးပွင့်ဖြူနှင့် ပြိုင်းတောကျေးရွာမှ ဦးဇော်ဝင်းထွန်းတို့အား နိုင်ငံတော်မတည်မငြိမ်ဖြစ်ရန် ဝါဒဖြန့်သည်ဟုဆိုပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခဲ့ပြီး၊ အမ်းမြို့ ပြည်သူ့ကျန်းမာရေးဌာနတွင် အလုပ်လုပ်ကိုင်နေသည့် ဦးအောင်အောင်သိန်းကို ပုဒ်မ ၁၇ (၁)(၂) ဖြင့် တရားစွဲခဲ့ခြင်းဖြစ်ကြောင်း အမ်းမြို့ခံများက ပြောသည်။

၅၀၅ (က) နှင့် အမှုဖွင့်ခံထားရသူ ၃ ဦး ကို မတ်လ ၈ ရက်နေ့က အမ်းမြို့နယ်တရားရုံးတွင် အမိန့်ချမှတ်ခဲ့ပြီး ၁၇ (၁)၊ (၂) ဖြင့် အမှုဖွင့်ခံရသူ ဦးအောင်အောင်သိန်းကို မတ် လ ၁၉ ရက်နေ့က အမိန့်ချမှတ်ခဲ့သည်ဟု အမ်းမြို့ခံတစ်ဦးက ပြောသည်။

“သူတို့တွေက အမိန့်ချတဲ့ရက်ကတော့ မတူဘူး။ ထောင်ဒဏ် ၃ နှစ် ချခံရတာတော့ တူတယ်။ ၅၀၅ (က)နဲ့ ထောင်ချခံရတဲ့ ဦးဇော်ဝင်းထွန်း ခမရ ၃၇၂ က စစ်တပ်မိသားစုလို့ သိရတယ်။ နောက်တစ်ယောက်က ပြည်သူ့ ကျန်းမာရေးဌာနမှာ အလုပ်လုပ်နေတဲ့ ဝန်ထမ်းပါ။ ဆရာဝန်တော့ မဟုတ်ဘူး။ သူက ပုဒ်မ ၁၇နဲ့ ထောင်ဒဏ် ချမှတ်ခံရတာပါ” ဟု အဆိုပါအမ်းမြို့ခံက ပြောသည်။

ထောင်ဒဏ်ချမှတ်ခံရသည့် အမျိုးသား ၂ ဦး ကို မတ် ၂၂ ရက်နေ့ နံနက်ပိုင်းက စစ်တွေအကျဉ်းထောင်သို့ လေယာဉ်ဖြင့် ပို့ဆောင်လိုက်ပြီး ကျန်အမျိုးသမီး ၂ ဦးကို အမ်းမြို့တရားရုံးတွင် ဆက်လက်ထိန်းသိမ်းထားသည်ဟု အမ်းမြို့ခံတစ်ဦးက ပြောပါသည်။

“ယောက်ျားနှစ်ယောက်ကို ဒီနေ့ စစ်တွေထောင်ကို လေယာဉ်နဲ့ ပို့တယ်။ နောက်မိန်းကလေး နှစ်ယောက် ကိုတော့ နောက်တစ်ခေါက် ပို့မယ်ထင်တယ်” ဟု ၎င်းက ပြောသည်။

အမ်းမြို့၊ စျေးတောင်ရပ်ကွက်နေ “Nilar Aung” facebook အကောင့်ပိုင်ရှင် တင်နီလာအောင် (ခ) မီးငယ် သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး စစ်ကောင်စီက တရားစွဲဆို အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here