ကရင်နီ (ကယား) ပြည်၊ လွိုင်ကော်အကျဥ်းထောင်မှ ဥပဒေပုဒ်မ ၁၇/၁ နှင့် ဖမ်းဆီးခံရပြီး အကျဥ်းချခံထားရသည့် နိုင်ငံရေးအကျဥ်းသား ၁၃ ဦးနှင့်အတူ တခြားပုဒ်မများနှင့် တရားစွဲခံရသူ ၂၅ ဦး လွတ်ရက်စေ့နှင့် ပြန်လည် လွတ်မြောက်လာသည်ဟု ကရင်နီနိုင်ငံရေးအကျဥ်းသားများအစည်းအရုံး (KPPA) က အတည်ပြုပြောသည်။
ထိုအကျဉ်းသား ၃၈ ဦးသည် ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့က ပြန်လည်လွတ်မြောက်လာကြတာဖြစ်ပြီး လက်ရှိတွင် မိသားစုဝင်များထံ မရောက်ရှိသေးဘူးဟု KPPA ၏ ပြန်ကြားရေးတာဝန်ခံ ထားဖိုးက ပြောပါသည်။
“လက်ရှိ ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဥ်းသားတွေရဲ့ အခြေအနေတွေက အဆင်ပြေပါတယ်။ အဆင်ပြေတဲ့ အနေအထားရှိတယ်လို့ ပြောလို့ရတယ်။ သို့ပေမယ့် သူတို့က သူတို့မိသားစု ရှိတဲ့နေရာကို ပြန်လည် မရောက်ရှိသေးတဲ့အတွက်ပေါ့၊ သူတို့ရဲ့နေရေးထိုင်ရေးကို ကျနော်တို့ ကြိုးစားပြီးတော့ ပြင်ဆင်ပေး ထားတာတွေလည်း ရှိတယ်။ သို့ပေမယ့် အကူအညီတွေ လိုအပ်နေပါသေးတယ်” ဟု ၎င်းက ပြောသည်။
နိုင်ငံရေးအကျဥ်းသား အမျိုးသား ၉ ဦး၊ အမျိုးသမီး ၄ ဦး ပြန်လွတ်မြောက်လာခြင်းဖြစ်ပြီး ၎င်းတို့သည် စစ်အာဏာ သိမ်းယူပြီးနောက် ဖမ်းဆီးခံထားရသူများ ဖြစ်ကြပြီး စစ်ကောင်စီတပ်က မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇/၁ နှင့် တရားစွဲခဲ့ပြီး ထောင်ဒဏ် ၃ နှစ် ချခံထားရသူများ ဖြစ်သည်ဟု KPPA ၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။
လက်ရှိ၌ လွိုင်ကော်အကျဥ်းထောင်ထဲတွင် ကျန်ရှိနေသေးသည့် အကျဥ်းသားများမှာလည်း ကျန်းမာရေးအတွက် လုံလောက်သော ဆေးဝါးကုသမှု မရရှိကြကြောင်းနှင့် အကျဉ်းသားအမျိုးသား အများစုသည်လည်း အောက်ပိုင်း ချိနဲ့ဒဏ်၊ အမျိုးသမီးများသည် ဝမ်းဗိုက်နှင့်ပတ်သက်သော ရောဂါတွေကို အများဆုံးခံစားနေကြရသည်ဟု ဆိုသည်။
လက်ရှိတွင် လွိုင်ကော်အကျဥ်းထောင်ထဲ၌ နိုင်ငံရေးအကျဥ်းသား ၁၀၀ နှင့်အထက် ရှိနေနိုင်ပြီး ၎င်းတို့ကို ထောင်ဝင်စာပို့ဖို့ရန် အခက်အခဲရှိနေကြောင်း ထားဖိုးက ဆက်ပြောဆိုသည်။
“လက်ရှိ ကျန်ရှိနေသေးတဲ့သူတွေလည်း အကူအညီတွေ အရမ်းလိုအပ်နေသေးတယ်။ ကျနော်တို့ ထောင်ဝင်စာပို့ဖို့ ကြိုးစားနေတဲ့အချိန်မှာလည်း ပို့လိုက်တဲ့ပစ္စည်းတွေအများစုက စစ်သားတွေလက်ထက်ကို ရောက်သွားတဲ့ အခြေအနေ ဖြစ်သွားတယ်။ ဆိုတော့ ကျနော်တို့ ရည်ရွယ်ချက် မအောင်မြင်ခဲ့ဘူး။ အကျဥ်းသားတွေအတွက် ရည်ရွယ်ပြီးပို့ခဲ့တဲ့ ပစ္စည်းတွေက ပျောက်ရှသွားခဲ့တယ်” ဟု ၎င်းက ပြောပါသည်။
ငွေကြေးအကူအညီကို ပေးနိုင်ပေမယ့် အကျဥ်ဦးစီးဝန်ထမ်းများဆီကနေ ၂၀ ရာခိုင်နှုန်း ဖြတ်တောက်ခံရတာ ရှိနေသည်ဟုလည်း သိရသည်။
လက်ရှိချိန်ထိ ဖမ်းဆီးချုပ်နှောင်ခံထားရသေးသည့် အကျဥ်းသားများကို နိုင်ငံတကာအနေနှင့် လိုအပ်သည့် အကူအညီပေးရန် KPPA က တောင်းဆိုထားသည်။
ကန္တာရဝတီတိုင်း(မ်) ပေးပို့သည်။