လွိုင်ကော်မြို့သို့ အဝေးပြေးယာဥ်လိုင်းကြီးများ ပြန်လည်ပြေးဆွဲမှုရှိ

0
204
ပုံစာ - လွိုင်ကော်မြို့အဝင်မြင်ကွင်း။

တိုက်ပွဲများပြင်းထန်ခဲ့သည့် ကရင်နီ (ကယား) ပြည် လွိုင်ကော်မြို့တွင် စစ်ကောင်စီက အုပ်ချုပ်ရေးယန္တာရားများ ပြန်လည်ပတ်နိုင်ရေး လုပ်ဆောင်နေပြီး လွိုင်ကော်မြို့သို့ သွားလာနိုင်မည့် အဝေးပြေးယာဥ်လိုင်းများလည်း ပြန်လည်ပြေးဆွဲမှုရှိနေပြီဟု ယာဥ်လိုင်းပြေးဆွဲနေသူများ ပြောဆိုမှုအရ သိရသည်။

ဇူလိုင် ၁၆ ရက်နေ့က စတင်ပြီး ရန်ကုန် – လွိုင်ကော်ကို ပြေးဆွဲသည့် အဝေးပြေးခရီးသည်တင်ယာဥ်လိုင်းကို ပြန်စတင်ပြေးဆွဲပြီဟု ယာဥ်လိုင်းပြေးဆွဲသူများက ပြောသည်။

ရန်ကုန် – တောင်ကြီး ၊ ထိုမှတဆင့် တောင်ကြီး – လွိုင်ကော်ကို နှစ်ဆင့် မျိုးဆက်သစ်ယာဥ်လိုင်းကနေ ပြေးဆွဲသွားမှာ ဖြစ်ကြောင်း ယာဥ်လိုင်းပြေးဆွဲနေသူတစ်ဦးက ပြောဆိုသည်။

လွိုင်ကော်မြို့တွင် တစ်လေးလုံးစစ်ဆင်ရေး တိုက်ပွဲများဖြစ်ပွားပြီးနောက်ပိုင်း မြို့အသီးသီးကနေ လွိုင်ကော်မြို့ကို ပြေးဆွဲနေသည့် ယာဥ်လိုင်းများအားလုံး ရပ်တန့်သွားခဲ့သည်။

ပြီးခဲ့သည့် မေလနောက်ပိုင်းမှာသာ လွိုင်ကော်မြို့တွင်းကို ကားငယ်များဖြင့် ပြန်လည်ပြေးဆွဲခဲ့ပေမယ့် ခရီးသည်တင်ယာဉ်လိုင်းကြီးများမှာ လက်ရှိအချိန်အထိ ပြေးဆွဲတာမျိုး မရှိသေးကြောင်း လွိုင်ကော်ဒေသခံ များက ပြောသည်။

လွိုင်ကော်ဒေသခံတစ်ဦးက “လွိုင်ကော်မြို့မှာ နေ့တိုင်းကတော့ ကားတွေသွားနေတယ်။ ဒါပေမယ့် လိုင်းကားတွေ ဆိုရင်တော့ အချိန်ပုံမှန်ရှိတာပေါ့။ ကျန်တဲ့ဟာတွေကတော့ လူပြည့်မှ ကားထွက်တာမျိုးတွေတော့ ရှိတယ်။ ကုန်ကျစရိတ်တွေကတော့ သိပ်မကွာပါဘူး” ဟု ပြောသည်။

စစ်ကောင်စီက လွိုင်ကော်မြို့တွင် အုပ်ချုပ်ရေးယန္တာရားများ ပြန်လည်ပတ်နိုင်ရန် ဌာနဆိုင်ရာဝန်ထမ်းများကို လာရောက် ပြန်နေထိုင်ရန် ပြီးခဲ့သည့်ဇွန်လကတည်း ခေါ်ဆောင်နေရာ၌ သွားလာဆက်သွယ်ရေး အဆင်ပြေရန် ထိုသို့ခရီးသည်တင်ယာဉ်လိုင်းကြီးများ ပြန်ပြေးဆွဲလာခြင်းဖြစ်ကြောင်း ယာဉ်လိုင်းမောင်းသူများက ပြောသည်။

ခရီးသည်တစ်ဦးအတွက် ကားခ ၅၅,၀၀၀ ကျပ် သတ်မှတ်ထားကြောင်းနှင့် ယာဉ်လိုင်းပြေးဆွဲမည့် အခြေအနေကို မျိုးဆက်သစ်ယာဉ်လိုင်းဂိတ်တာဝန်ခံက အခုလိုပြောသည်။

“တောင်ကြီးကနေပြီးတော့ မျိုးဆက်သစ်ကသွားတာ ဒီဘက်ကတော့ ကားကြီးက ဝင်လို့မရသေးလို့ ကားငယ်နဲ့ ပြန်ချိန်းပြီးတော့ သွားတာ။ နောက်ဆိုရင် လွိုင်ကော် – ရန်ကုန် ကားကြီး တိုက်ရိုက်ဝင်မှာပေါ့နော။ အခုက ကားကြီးဝင်လို့ မရသေးလို့” ဟု အဆိုပါ မျိုးဆက်သစ်ယာဉ်လိုင်းတာဝန်ခံက ပြောသည်။

ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက မြို့တဝက်နီးပါးကို သိမ်းပိုက်ထားနိုင်ခဲ့သည့် လွိုင်ကော်မြို့တွင် စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်မှုရှိနေသလို နယ်မြေရှင်းလင်းရေးများလည်း ပြုလုပ်နေပြီး ဒေသခံလူထု ပြန်လည်နေထိုင်နိုင်ကြောင်းကိုလည်း ကြေညာထားသည်။

လက်ရှိတွင် လွိုင်ကော်မြို့၏ ၁၀ ပုံတွင် ၄ ပုံလောက်ကိုသာ စစ်ကောင်စီက နယ်မြေရှင်းလင်းရေးပြုလုပ်နေပြီး လွိုင်ကော်မြို့၏ မြို့ပြင်နေရာတချို့တွင်လည်း နှစ်ဖက်ပစ်ခတ်သံများ ကြားနေရဆဲဖြစ်သည်ဟု လွိုင်ကော်ဒေသခံများ ပြောပြချက်အရ သိရသည်။

ကန္တာရဝတီတိုင်း (မ်) – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here