လွိုင်ကော်မြို့ကို ထိန်းချုပ်စိုးမိုးနိုင်ရန် KNDF ဗျူဟာအမှတ် ၇ ကို တပ်ရင်း ၄ ရင်းနှင့်ဖွဲ့စည်း

0
163
Photo - KNDF

ကရင်နီပြည် (ကယား) လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်း၌ အခြေပြုပြီး စစ်ကောင်စီကို တိုက်ခိုက်ရန် ဖွဲ့စည်းထားသော KNDF ၏ ဗျူဟာအမှတ် (၇) ကို တပ်ရင်း ၄ ရင်းနှင့် ဖွဲ့စည်းထားသည်ဟု ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) ၏ ဒု–စစ်ဦးစီးချုပ်မာဝီက ပြောဆိုသည်။

လွိုင်ကော်မြို့ကို ထိန်းချုပ်စိုးမိုးနိုင်ရန်အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ဗျူဟာအမှတ် (၇) ကို ဖွဲ့စည်းပြီး တပ်သားသစ်များကို ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်းနှင့် ဗျူဟာအမှတ် (၇) ကို ဝင်ရောက်လာသော တပ်သားသစ် ၅၀၀ ကျော်ရှိပြီး သင်တန်းဆင်းပွဲကို ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့မှာ ပြုလုပ်သွားကြောင်း သိရသည်။

KNDF ၏ ဒု – စစ်ဦးစီးချုပ်မာဝီက “ကျနော်တို့ ဗျူဟာ (၇) ကတော့ တပ်ရင်း ၄ ရင်းနဲ့ ဖွဲ့တာပေါ့လေနော်။ တပ်ရင်း ၄ ရင်းက တပ်ရင်း ၂၅၊ ၂၆၊ ၂၇၊ ၂၈ ဒီ ၄ ရင်း ဖြစ်ပါတယ်။ ဗျူဟာ မဖွဲ့စည်းခင်ကတည်းက မကြေငြာခင် ကတည်းက ကျနော်တို့ လွိုင်ကော် ဒေသကို အခြေပြုပြီးတော့မှ ဖွဲ့တာ။ လွိုင်ကော်ဒေသကို ပိုပြီးအခြေချပြီးတော့ လွိုင်ကော်၊ ဒီးမော့ဆိုပေါ့လေ နော်။ လွိုင်ကော်၊ ဒီးမော့ဆို အဆက်တွေပေ့ါနော်။ အဲ့နေရာတွေမှာ ပိုပြီးလှုပ်ရှားဖို့ ကျနော်တို့ဖွဲ့စည်းတဲ့ တပ်ရင်းတွေ ဖြစ်တယ်။ ဗျူဟာတွေ ဖြစ်တယ်ပေါ့နော်” ဟု ဆိုသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) သည် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော တော်လှန်ရေး တပ်ဖွဲ့ဖြစ်ပြီး ဗျူဟာ (၇) ခု အထိ ဖွဲ့စည်းထားသလို ဗျူဟာအမှတ် (၈) ကိုလည်း ထပ်မံဖွဲ့စည်း သွားရန်ရှိသည်ဟု KNDF ရဲ့ ဒု – စစ်ဦးစီးချုပ်မာဝီက ဆက်ပြောပါသည်။

လက်ရှိတွင် ကရင်နီအမျိုးသားများကာကွယ်ရေး (KNDF) တပ်တွင် ဗျူဟာ (၇) ခု၊ တပ်ရင်းပေါင်း ၂၇ ရင်း ရှိကြောင်း KNDF သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ တာအယ်စိုးက ပြောသည်။

“KNDF မှာက ၁ ကနေ ၂၈ ထိ ရှိပါတယ်။ ၁၃ တော့ မရှိဘူးပေါ့နော်။ ဆိုတော့ B0-1 ကနေ B-28 ထိရှိတယ်လို့ ပြောလို့ရတာပေါ့နော်။ ဗျူဟာကတော့ အားလုံးပေါင်း ၇ ခု ဖြစ်ပါတယ်။ ၁ ကနေ ၇ ခု အထိရှိပါတယ်” ဟု တာအယ်စိုးက ဆိုသည်။

KNDF တွင် တာဝန်ထမ်းဆောင်သည့် တပ်သားများမှာ ရှေ့တန်းစစ်မြေပြင် တခုတည်းတွင်သာ မဟုတ်ဘဲ ရုံးပိုင်း၊ ဆေးကုသရေးပိုင်း၊ ထောက်ပို့ပိုင်းနှင့် တခြားသော ကဏ္ဍများတွင်လည်း ပါဝင်ကြသည်ဟု သိရှိရသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here