လွိုင်ကော်- မိုးဗြဲ လမ်းမကြီးတလျှောက် ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီ ၂၀ ဦး ထက်မနည်း သေဆုံး

0
362
ပုံစာ -သိမ်းဆည်းရမိသည့် စစ်ကောင်စီ၏လက်နက်ခဲယမ်းတချို့။

လွိုင်ကော်- မိုးဗြဲ လမ်းမကြီးတလျှောက်၌ ဇူလိုင်လ ၂၀ ရက်နေ့မှစပြီး ဇူလိုင်လ ၂၈ ရက်နေ့အထိ ဖြစ်ပွားခဲ့သည် ထိတွေ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ဦးထက်မနည်း သေဆုံးခဲ့ပြီး၊ စစ်ကောင်စီသုံး စစ်ကား ၂ စီး ကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်းနှင့် လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရမိ တယ်လို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တာဝန်ရှိသူတစ်ဦးက ပြောသည်။

KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက “စစ်ယာဉ်တန်းကတော့ (၅၄) တပ်ထဲကို ဝင်သွားတယ် လို့လည်း ပြောတယ်ပေါ့နော။ စစ်ယာဉ်တန်းတွေကတော့ လွိုင်ကော်မြို့ထဲ အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေထဲကို ရောက်သွားပြီလို့ ပြောပါတယ်။ လွိုင်ကော်မှာဖြစ်ခဲ့တဲ့ တိုက်ပွဲမှာတော့ စစ်ကောင်စီဖက်က ၂၀ ဦး ထက်မနည်း သေဆုံးခဲ့တယ်ပေါ့နော။ ၂၄ ရက်နေ့မှာ ကျနော်တို့ ပူးပေါင်းတပ်တွေ ဖြတ်တိုက်လိုက်တယ်။ စစ်ကောင်စီဘက်က ကား ၂ စီး ပျက်စီးသွားတယ်ပေါ့နော” ဟု ပြောဆိုသည်။

စစ်ကောင်စီမှ သိမ်းဆည်းရမိသည့် လက်နက်များမှာ MA-1 ၅ လက် ၊ MA-2 စက်ကလေး ၁ လက် ၊ MA-3 ၂ လက် အပါအဝင် ဆက်စပ်ခဲယမ်းမီးကျောက်နှင့် အသုံးအဆောင်ပစ္စည်းများ ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။

ထိုသို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်သည် ဖယ်ခုံ – မိုးဗြဲ လမ်းမကြီးမှ တဆင့် လွိုင်ကော်ဘက်ကို ဦးတည်ပြီး စစ်ယာဉ်တန်းနဲ့ အင်အားဖြည့် ဝင်ရောက်လာခဲ့သည့်အတွက် မိုးဗြဲမြို့အထွက် လမ်းမကြီး တလျှောက်တွင်လည်း KNDF တပ်ရင်း (၃) နဲ့ မိတ်ဖက်တပ်ဖွဲ့များက စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း KNDF သတင်းနဲ့ ပြန်ကြားရေးတာဝန်ရှိသူက ဆက်ပြောသည်။

စစ်ကောင်စီက စစ်ယာဉ်တန်း ၁၀၀ ဝန်းကျင်နဲ့ အင်အားဖြည့်ဝင်ရောက်ခြင်း၊ စစ်ကြောင်း ထိုးခြင်းတွေကို လုပ်ဆောင်လာသည့်အတွက် ကရင်နီပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီ ယာဉ်တန်းများ လွိုင်ကော်မြို့ထဲရှိ စစ်ကောင်စီ၏တပ်စခန်းတွေထဲ ရောက်ရှိနေတာကို တွေ့ရတယ်လို့ ပူးပေါင်းတပ်ဖွဲ့များနှင့် ဒေသခံများက ပြောသည်။

ဇူလိုင်လ ၂၄ ရက်နေ့နှင့် ဇူလိုင် ၂၅ ရက် နှစ်ရက်တာအတွင်း လွိုင်ကော်မြို့အထွက် မော်ချီးစုစည်းကျေးရွာ ဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် မိုးဗြဲဘက်မှ စစ်ယာဉ်တန်းကားများဖြင့် လွိုင်ကော်ဘက် ကို ဝင်ရောက်လာသည့် စစ်ကောင်စီယာဉ်တန်းကို ကရင်နီတပ်မတော် (KA)၊ KNDF တပ်ရင်း (၂)၊ တပ်ရင်း (၁၂)၊ တပ်ရင်း (၁၄)၊ KNDF ETD ၊ Loikaw PDF တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြောင်း KNDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက ပြောဆိုသည်။

ကရင်နီပြည်နယ် အတွင်းသို့ စစ်ကောင်စီတပ်က ဖယ်ခုံ – မိုးဗြဲ – လွိုင်ကော် လမ်းမကြီးကို အသုံးပြုပြီး စစ်ယာဉ်တန်း ကားများအပြင် အရပ်သား ကားများကိုလည်း အသွင်ယူအသုံးပြုပြီး ဝင်ရောက်နေသည့် အတွက် လမ်းမကြီးတလျှောက် ကရင်နီပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်နေတာကြောင့် ထိတွေ့တိုက်ပွဲ နေ့စဉ်နီးပါး ဖြစ်ပွားနေတယ်လို့ အထက်ပါတာဝန်ရှိသူက ပြောသည်။

ထိတွေ့တိုက်ပွဲများကြောင့် လွိုင်ကော်မြို့နယ်အတွင်းရှိ နွားလဝိုးကျေးရွာအပြင် အနီးအနားကျေးရွာများက ဒေသခွရွာသားများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း ၎င်းက ဆက်ပြောသည်။

လက်ရှိတွင်လည်း လွိုင်ကော် – မိုးဗြဲ – ဖယ်ခုံ လမ်းမကြီးပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့မှ စစ်ရေးလှုပ်ရှားမှု ရှိနေသေးသည့်အတွက် ထိတွေ့တိုက်ပွဲ အချိန်မရွေး ဖြစ်ပွားနိုင်တာကြောင့် သွားလာနေကြသည့် ဒေသခံ မိဘပြည်သူများအနေဖြင့် စစ်ရေးအသိ၊ သတိရှိစွာနဲ့ သွားလာကြဖို့ KNDF က မေတ္တာရပ်ခံ အသိပေးထားသည်။

ကန္တာရဝတီတိုင်း(မ်)- ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here