လဲချားမြို့နယ်အတွင်း စစ်ကောင်စီနှင့် SSPP တိုက်ပွဲဖြစ်ပွား

0
299
ပုံစာ - စစ်ကောင်စီနှင့် SSPP/SSA တို့ တိုက်ပွဲဖြစ်ပွားရာပြမြေပုံ။

သျှမ်းပြည်၊ လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်တို့ သြဂုတ် ၆ ရက် နံနက် ၆ နာရီ ဝန်းကျင်တွင် တိုက်ပွဲ စတင် ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

“ပစ်ခတ်သံကတော့ ဒီမနက်ကနေ စကြားရတာ။ လက်နက်ကြီးသံရော လက်နက်ငယ်သံရော အခုထိ ကြားနေရတုန်းပဲ။ အရင် သျှမ်းတပ် (၂) တပ် ဖြစ်တုန်းကလည်း ကျနော်တို့ ထွက်ပြေးခဲ့ရတယ်။ အခုလည်း တိုက်ပွဲတွေ ပြင်းရင်တော့ ထွက်ပြေးရအုံးမယ်” ဟု ဒေသခံတစ်ဦးက စိုးရိမ်စိတ်ဖြင့် ပြောသည်။

သြဂုတ် ၆ ရက်နေ့ နံနက်ပိုင်း ၆ နာရီ ဝန်းကျင်က လဲချားမြို့နယ် နမ့်တိန်းချောင်း၏ အရှေ့ဘက် နမ့်ပေါက်ကျေးရွာ အနီး၌ စစ်ကောင်စီတပ်ဖွဲ့နှင့် SSPP /SSA တို့ တိုက်ပွဲ ပြင်းထန်နေကြောင်း ၊ စစ်ကောင်စီဘက်မှ လက်နက်ကြီးဖြင့် စတင်ပစ်ခတ်ပြီး မြေပြင်စစ်အင်အားဖြင့် ထပ်မံထိုးစစ်ဆင် တိုက်ခိုက်လာကြောင်း SSPP/SSA ၏ မြေပြင်အရာရှိတစ်ဦးက ပြောဆိုသည်။

“စစ်ကောင်စီဘက်က ကျနော်တို့ကို လက်နက်ကြီးနဲ့ အရင်တိုက်ခိုက်လာတာ၊ မနေ့ကတည်းက လက်နက်ကြီးနဲ့ လှမ်းလှမ်းပစ်တာ။ ဒီနေ့မှာတော့ ကျနော်တို့ လက်နက်ကြီးနဲ့ အရင်ပစ်ပြီး အင်အား ၇၀ ကျော် လောက်ရှိတဲ့ စစ်ကြောင်းတစ်ခုက တက်လာတယ်၊ အဲ့ဒါကြောင့် ထိတွေ့ တိုက်ပွဲဖြစ်ရတာ။ အခုထိလည်း ပစ်ခတ်နေကြတုန်းမို့ ထိခိုက်ကျဆုံးမှုတွေတော့ မသိရသေးဘူးÓ ဟု အဆိုပါ SSPP/SSA မြေပြင် အရာရှိက ပြောသည်။

လဲချားမြို့နယ်အတွင်း SSPP တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားသည့် စစ်ကောင်စီတပ်သည် ခိုလမ်မြို့ အခြေစိုက် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၏ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။

လက်ရှိ ဖြစ်ပွားနေသည့် တိုက်ပွဲနှင့် ပတ်သက်ပြီး လဲချားမြို့နယ်အတွင်းမှ ရှမ်းပြည်တပ်မတော် SSPP/SSA ၏ တပ်များ ဆုတ်ခွာရန် သဘောမတူမှုကြောင့် ဖြစ်နိုင်သည်ဟု SSPP/SSA ၏ မြေပြင်အရာရှိက ဆက်ပြောသည်။

“ကျနော်တို့ ဌာနချုပ်ရဲ့ လုံခြုံရေးအတွက် ဒီနယ်ထဲက ထွက်သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ သူတို့ (စစ်ကောင်စီ) ဘက်ကနေ ဆုတ်ခွာဖို့ အကြိမ်ကြိမ် ဖိအားပေးခဲ့လည်း ကျနော်တို့က မဆုတ်တော့ အခုလို အကြိမ်ကြိမ် ထိုးစစ်ဆင် တိုက်ခိုက်တာပေါ့။ ဒါပေမဲ့ ကျနော်တို့က ဆုတ်ဖို့ အစီအစဉ် မရှိပါဘူးÓ ဟု ပြောသည်။

လက်ရှိ တိုက်ပွဲ ဖြစ်ပွားနေသည့်နေရာသည် ယခင်က ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP /SSA နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) တို့ ထိတွေ့မှု ဖြစ်ပွားခဲ့ကြပြီး ထိုနေရာရှိဒေသခံများ စစ်ဘေးတိမ်းရှောင်ခဲ့ဖူးသည့် ဒေသတစ်ခုလည်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၀ နှင့် ၂၁ ရက်နေ့ တို့တွင် လည်း စစ်ကောင်စီ၏ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးမှူး ကော်မတီ (NSPNC) နှင့် SSPP/SSA တို့သည် နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

ယင်းကဲ့သို့ တွေ့ဆုံမှုအပြီး ယခုလို လက်နက်ကြီးများဖြင့် စစ်ကောင်စီက SSPP/SSA ကို ထိုးစစ်ဆင် တိုက်ခိုက်လာခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ အတွင်းမှာလည်း လဲချားမြို့နယ်ရှိ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ တပ်စခန်းရှိရာ နေရာကို စစ်ကောင်စီက လေယာဉ်ဖြင့် ၆ ကြိမ်ထက် မနည်း ပျံဝဲခဲ့သည်ဟု SSPP/SSA ၏ မြေပြင်အရာရှိက ပြောဆိုသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here