27 ဇွန် 2025 /

See today's Peace Related News

Homeသတင်းလဲချား-မိုင်းကိုင်ကြား လက်နက်ကိုင်အကူအညီဖြင့် ကျားဖြန့်လုပ်ငန်းများ ရွှေ့ပြောင်းလုပ်ကိုင်နေ

လဲချား-မိုင်းကိုင်ကြား လက်နက်ကိုင်အကူအညီဖြင့် ကျားဖြန့်လုပ်ငန်းများ ရွှေ့ပြောင်းလုပ်ကိုင်နေ

သျှမ်းပြည် လဲချားနှင့် မိုင်းကိုင်မြို့နယ်ရှိ နမ့်တိန်းချောင်းတလျှောက်တွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းများသည် လက်နက်ကိုင်အကူအညီဖြင့် ရွှေ့ပြောင်းလုပ်ကိုင်နေကြောင်း ဒေသခံတို့ထံမှ စုံစမ်းသိရသည်။

ယခု ၂၀၂၅ ခုနှစ်ဆန်းပိုင်းမှစတင်ပြီး လဲချား၊ မိုင်းကိုင်နှင့် ကျေးသီးမြို့နယ်ရှိ နမ့်တိန်းချောင်းတလျှောက် တောထဲတွင် အွန်လိုင်းကျားဖြန့် ငွေလိမ်လုပ်ငန်းများ တိုးပွားလာပြီး ဒေသတွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့နှင့် ပြည်သူ့စစ်များ၏ အကူအညီဖြင့် ရွှေ့ပြောင်းလုပ်ကိုင်နေကြောင်း ဒေသခံများက ပြောဆိုသည်။

“ကျေးသီးကနေ လဲချားအထိဆိုရင် ကျားဖြန့်လုပ်တဲ့ တရုတ်တွေ ၂,၀၀၀ ထက်တော့မလျော့ဘူး။ အဖွဲ့တော်တော်ကြီးတယ်။ အရင်ကရှိတဲ့အဖွဲ့တွေပဲ၊ သျှမ်းတပ်ရော ပြည်သူ့စစ်ရော လုံခြုံရေးယူပေးထားတာ။ စစ်ကောင်စီ ဖမ်းတော့မယ်ဆိုရင် သူတို့နယ်မြေထဲပဲ လှည့်ပတ်ပြီး ဝှက်ထားပေးတာ။ ဟိုနားရွှေ့ ဒီနားရွှေ့ အဲ့လိုပဲပတ်နေတာ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူဒေသခံတစ်ဦးက ပြောသည်။

ယင်းကျားဖြန့်လုပ်ငန်းနေရာများသည် လဲချားမြို့နယ် ဝမ်ပန်ကျေးရွာအုပ်စုအတွင်း လှည့်ပတ်ကာ ပြောင်းရွှေ့လုပ်ကိုင်နေပြီး လက်နက်ကိုင်တပ်ဖွဲ့နှင့် ပြည်သူ့စစ်များ လုံခြုံရေးရယူထားခြင်းကြောင့် စစ်ကောင်စီမှ လက်လှမ်းမမီကြောင်း ဒေသခံများက ပြောသည်။

ကျေးသီးမြို့နယ် ဝမ်ဟိုင်းတွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဌာနချုပ် အခြေစိုက်ပြီး လဲချားမြို့နယ်တွင် ဝမ်ပန်ဌာနေပြည်သူ့စစ် လှုပ်ရှားနေသည်။

“နမ့်တိန်းချောင်းတလျှောက် မိုင်းကိုင်၊ လဲချား၊ ကျေးသီး ဒီသုံးနယ်ဆုံတဲ့ ဝမ်ပန်အုပ်စုထဲမှာ လှည့်ပတ်ရွှေ့နေတာ။ ကျားဖြန့်သတင်းထွက်ပြီဆိုရင် တခြားအနီးအနားရွာတွေကို ပြောင်းသွားတယ်။ သျှမ်းတပ်နဲ့ ပြည်သူ့စစ်တွေ လုံခြုံရေးယူပေးထားလို့ စစ်ကောင်စီလည်း အဲ့ဘက်မဝင်ရဲဘူး” ဟု အဆိုပါ ဒေသခံအမျိုးသားက ဆက်ပြောသည်။

အလားတူ မတ်လတတိယပတ်တွင် စစ်ကောင်စီမှ နမ့်စန်မြို့နယ်အတွင်း ကျားဖြန့်လုပ်ကိုင်သူ (၇၀၀) ကျော် ဖမ်းဆီးရမိခဲ့ပြီးနောက် မိုးနဲမြို့နယ်နှင့် နမ့်စန်မြို့နယ်ကြားရှိ မတ်ကျိုင်းပြည်သူ့စစ် ထိန်းချုပ်ထားသည့် ပန်လျန်းဆိုင်ဒေသသို့ ကျားဖြန့်လုပ်ငန်းများ ထပ်မံပြောင်းရွှေ့လာပြီး လုပ်ငန်းလည်ပတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“မိုးနဲဘက်လည်း နောက်ထပ်တစ်ဖွဲ့ရှိတယ်၊ အဲ့ဒါက လူ ၇၀၀ ကျော် ရှိမယ်။ စစ်တပ်က နမ့်စန်မှာ ကျားဖြန့်တွေကို ဖမ်းပြီးတဲ့နောက် ပန်လျန်းဆိုင်ဘက်ကို ရွှေ့သွားတာလည်း အများကြီးပဲ။ ရာနဲ့ချီ ရှိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်တွင် SSPP ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါး၊ ကျားဖြန့်လုပ်ငန်းနှင့် လက်နက် ရောင်းဝယ်မှုတို့ကို မပတ်သက်ရန် အောက်ခြေတပ်သားများကို အမိန့်စာ ထပ်မံထုတ်ပြန်ပြီး တားမြစ်ထားသည်။

တတိယအကြိမ် ထပ်မံထုတ်ပြန်သည့် ထိုအမိန့်စာကို မလိုက်နာဘဲ ကျားဖြန့်လုပ်ငန်းများ ဆက်လက်လုပ်ကိုင်နေပါက အရေးယူခံရမည့်အပြင် စစ်ကောင်စီနှင့် တရုတ်အစိုးရမှ ကျားဖြန့်လုပ်ငန်းနှင့် ဆက်နွယ်သူများကို တောင်းဆိုလာပါက SSPP/SSA မှ ဖမ်းဆီးပြီး အပ်နှံပေးသွားမည်ဖြစ်ကြောင်း အမိန့်စာတွင် ရေးသားထားသည်။

ယခင်က ထုတ်ပြန်ခဲ့ဖူးသည့် ကျားဖြန့်လုပ်ငန်းနှင့် မပတ်သက်ရန် အမိန့်စာကိုမလိုက်နာဘဲ ဖောက်ဖျက်ကျူးလွန်၍ SSPP ထိန်းချုပ်နေရာအချို့တွင် ယင်းလုပ်ငန်းများကို လျှို့ဝှက်လုပ်ကိုင်နေသူများရှိခြင်းကြောင့် အမိန့်စာကို ထပ်မံထုတ်ပြန်ရခြင်းဖြစ်ကြောင်းလည်း ဆိုထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။