ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးရွာကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံတချို့ကို အာရက္ခတပ်တော် (AA) က ကယ်ထုတ်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
ပုသိမ် – မုံရွာလမ်းပေါ်ရှိ ပန်းတောကြီးရွာကို AA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီသည် အပစ်ရပ်ကတိကို ချိုးဖောက်ပြီး ဧပြီလ ၁၈ ရက်၊ နံနက်ပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ဒေသခံအမျိုးသားတစ်ဦးက “မနက်ဘက် AA က ဝင်တိုက်တော့ ပန်းတောကြီးက စစ်တပ်ထွက်ပြေးတယ်။ ညနေ ၆ နာရီလောက်မှာ စစ်တပ်က ဂျက်ဖိုက်တာနှစ်စီးနဲ့ လာပြီးဗုံးကြဲတယ်။ ရွာမီးလောင်တော့ ရွာသားတွေကို AA က ကယ်ထုတ်ရတယ်။ တချို့ အနီးအနားကထွက်ပြေးတာ ပိတ်မိနေတာတွေလည်း ရှိသေးတယ်” ဟု ပြောသည်။
ပန်းတောကြီးကျေးရွာသား ၇၀ ခန့်အား AA နှင့် တော်လှန်ရေးတပ်ဖွဲ့များက ကယ်ထုတ်ထားသည်ဟု သိရသည်။
ပန်းတောကြီးကျေးရွာကို ထိုသို့ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံနေအိမ်အများအပြား မီးလောင်ပြီး ဒေသခံများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရကြောင်း သိရသည်။
ပုသိမ်ဒေသခံတစ်ဦးက “ပန်းတောကြီးက ဟင်္သာတဘက်နဲ့ ပိုနီးသလိုရှိတယ်။ လေယာဉ်တွေပျံနေတာ ပုသိမ်ကလည်း မြင်ရ၊ ကြားရတယ်လေ။ ရွာမီးလောင်နေတာ ရွာသားတွေ ပြေးကြလွှားကြနဲ့ဗျာ။ တကယ်ခက်ခဲပါတယ်။ အခု ပန်းတောကြီးကို ဖုန်းလိုင်းမရဘူး။ စစ်တပ်ကလည်း မြေပြင်မှာ AA ကို မယှဉ်နိုင်တော့ဘူး” ဟု ပြောသည်။
ပန်းတောကြီးရွာကို စစ်ကောင်စီ လေကြောင်းမှဗုံးကြဲသည့်အတွက် မီးလောင်နေသည်ကို အနီအနားရှိ ဆီဆုံကုန်း၊ အောင်ဘော်၊ ပန်းတောပေါက်၊ ရေဖြူ စသည့် ရွာများမှ လှမ်းမြင်နေကြရပြီး စစ်တပ်က လမ်းတချို့ကိုပိတ်ဆို့စစ်ဆေးနေကြောင်း သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်သည် ဆီဆုံကုန်းရွာတွင် ခံစစ်ပြင်ဆင်ကာ ပန်းတောကြီးဘက်သို့ စစ်ကြောင်းပြန်ထိုးခဲ့ရာ တိုက်ပွဲများဆက်ရှိနေကြောင်း ဒေသခံများပြောဆိုမှုအရ သိရသည်။
ပန်းတောကြီးရွာအနီးတွင် ဧပြီ ၁၅ ရက်မှစ၍ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု သိရသည်။
AA ဦးဆောင်သော ပူးပေါင်းတပ်များသည် မတ်လ ၂၅ ရက်နောက်ပိုင်းတွင် ပုသိမ်-မုံရွာလမ်းနှင့် လေးမိုင်ခန့် အကွာတွင်ရှိသော တုံးတောနှင့် ဝတ်ကုန်းရွာတို့ကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ပုသိမ်-မုံရွာ ကားလမ်းမအနီးတွင်ရှိသော ပန်းတောကြီးရွာနှင့် မြို့နယ်ရုံးစိုက်ရာ ငဝန်မြစ်ကမ်းအနီးရှိ လေးမျက်နှာမြို့သည် ၇ မိုင်ခန့်အကွာသာ ရှိကြောင်း သိရသည်။
AA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ရခိုင်ရိုးမကို ဖြတ်ကျော်ကာ ထိုးစစ်ဆင်လာသည့် နောက်ပိုင်းတွင် စစ်ကောင်စီတပ်များက ငါးသိုင်းချောင်း၊ ချင်းလယ်၊ ကွင်းကောက်ရွာတို့တွင် စစ်ကြောင်းထိုး စခန်းချထားကြောင်းလည်း သိရသည်။
နိရဉ္စရာ ပေးပို့သည်။