တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ခမောင်းတောင်ကျေးရွာနှင့် စခန်းကြီးကျေးရွာအကြား ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း PDF ရဲဘော် ၃ ဦး ကျဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က ဇူလိုင် ၂၇ ရက်နေ့တွင် ထုတ်ပြန်သည်။
ဇူလိုင် ၂၂ ရက်နေ့ က စပြီး အင်အား ၂၀၀ နီးပါးရှိသည့် စစ်ကောင်စီတပ် အင်အားအလုံးအရင်းနှင့် စစ်ကြောင်းထိုး ဝင်ရောက်လာခြင်းကြောင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်တို့ အကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန် ခဲ့သည်ဟု ထုတ်ပြန်တွင် ပါရှိသည်။
ယင်းတိုက်ပွဲအတွင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က ရဲဘော်ကိုအဲ့၊ ရဲဘော် F-One နှင့် ရဲဘော်ကိုဝတုတ်တို့ ၃ ဦး ကျဆုံးခဲ့ပါသည်။
အဆိုပါ နှစ်ဖက်ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေ ရှိပေမယ့် အရေအတွက် အတိအကျ ဆက်လက် စုံစမ်းနေကြောင်း LLPDF ပြန်ကြားရေးတာဝန်ခံက ပြောဆိုသည်။
လက်ရှိအချိန်အထိ စစ်ကောင်စီ စစ်ကြောင်းသည် ခမောင်းတောင်ကျေးရွာအနီး ဝန်းကျင်သို့ စစ်ကြောင်း ထိုးနေသည့်အတွက် နှစ်ဖက်စစ်ရေး အခြေအနေ တင်းမာနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲက ပြောသည်။
တိုက်ပွဲများကြောင့် ခမောင်းတောင်၊ စခန်းကြီး၊ နာခံတော၊ ဖွားဘုတ်ပြင် ကျေးရွာများ အပါအဝင် ကျေးရွာ ၄ ရွာက ဒေသခံပြည်သူ ၁၀၀၀ နီးပါး ဘေးလွတ်ရာနေရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်နေ့တွင် စစ်ကောင်စီတပ်က နာခံတောဘက်ကနေ ခမောင်းတောင်ဘက်ကို လက်နက် ကြီး ပစ်ခတ်တိုက်ခိုက် ခဲ့သည့်အတွက် ဒေသခံ မိန်းကလေးငယ် ၁ ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
သံလွင်တိုင်းမ် ပေးပို့သည်။