တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဒု-ဦးစီးမှူးဦးသိန်းဦးအား ဇူလိုင် ၂၁ ရက်နေ့ ညပိုင်းက သေနတ်ဖြင့်ပစ်သတ်ခံရလို့ နဖူးကျည်ဖောက်ဝင်ဒဏ်ရာဖြင့် အခင်းဖြစ်ရာနေရာမှာပင် သေဆုံးသွားကြောင်း ဒေသခံတွေက ပြောသည်။
အသက် ၅၃ နှစ်အရွယ် စိုက်ပျိုးရေးအရာရှိ ဦးသိန်းဦးကို စိုက်ပျိုးရေးရုံးဝင်းအတွင်း မိသားစုနှင့်အတူရှိနေချိန် လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နေအိမ်ခြံအနောက်ဘက်၌ သေနတ်ဖြင့် ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတွေက ပြောဆိုသည်။
စိုက်ပျိုးရေးဦးစီးဌာန ဒုဦးစီးမှူးဖြစ်သူ ဦးသိန်းဦးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဇူလိုင် ၂၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဦးသိန်းဦးသည် လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီ၊ ပျူစောထီးများနှင့်အတူ လမ်းမများပေါ်တွင် ခရီးသွားပြည်သူများကို စစ်ဆေးခြင်း၊ ဆက်ကြေးတောင်းခံမှုများတွင် ပါဝင်နေခြင်း၊ ထားဝယ်-ရန်ကုန် ကားလမ်းရှိ မလွှဲတောင်ဂိတ်တွင် စစ်ကောင်စီနှင့်အတူ ဆက်ကြေးကောက်ခံမှုများကို လုပ်ဆောင်နေခြင်းတို့ကြောင့် LLPDF က ရပ်တန့်ရန် သတိပေးထားပြီးဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့သော် ဦသိန်းဦးက အဆိုပါလုပ်ရပ်များကို ရပ်တန့်မှုမရှိဘဲ ဆက်လက်လုပ်ဆောင်နေခြင်းကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိပါသည်။
တနင်္သာရီတိုင်းတွင် ပြီးခဲ့သည့် ဇွန်လအတွင်း လက်နက်ကိုင်ပဋိပက္ခများကြောင့် အရပ်သား ၂၃ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်း သုတေသနအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။
သတင်း – သံလွင်တိုင်းမ်ပေးပို့သည်။