တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် သဗျာကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများ ပြောဆိုမှုအရ သိရသည်။
ဇူလိုင် ၁၀ ရက်နေ့ နေ့လည်ပိုင်းက လောင်းလုံးမြို့ကနေ စစ်ကြောင်းထွက်လာသော အင်အား ၃၀ ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်နှင့် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကြား သဗျာကျေးရွာအနီးတွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ယင်းနောက် စစ်ကောင်စီတပ်က သဗျာကျေးရွာထဲဝင်ရောက်လာပြီး ဘုန်ကြီးကျောင်းအနီးရှိ နေအိမ်တစ်အိမ်က ရွာခံအရပ်သားများကို ရိုက်နှက်စစ်ဆေးနေချိန် ဗုံးခိုကျင်းမှ ထွက်လာသည့် အမျိုးသမီးငယ်ကို ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ် မသက်ထားခိုင် (ခေါ်) ဝိုင်းလေးဆိုသူသည် လက်မောင်းဆုံ ကျည်ထိမှန်ပြီး အခင်းဖြစ်ရာနေရာမှာပင် သေဆုံးခဲ့ရသည်ဟု အဆိုပါဒေသခံက ပြောပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဒေသခံနောက်တစ်ဦးက စစ်ကောင်စီတပ်ဖွဲ့သည် သေဆုံးသူမသက်ထားခိုင်၏ နေအိမ်သို့ ဝင်ရောက်လာပြီး ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-PDF များကို ထောက်ပို့လုပ်ဆောင်နေသည်ဟု စွပ်စွဲ၍ ၎င်း၏မိဘနှစ်ပါးအား အကြမ်းဖက် ရိုက်နှက်စစ်ဆေးနေစဉ် မသက်ထားခိုင်က မိဘနှစ်ပါးကို စိုရိမ်၍ ဗုံးခိုကျင်းမှ ထွက်လာစဉ်တွင် ထိုသိုပစ်ခတ်ခံလိုက်ရခြင်းဖြစ်သည်ဟု ပြောဆိုသည်။
ယခုဖြစ်စဉ်သည် စစ်ကောင်စီတပ်က မဆင်မခြင်ပစ်ခတ်ပြီး အရပ်သားပြည်သူအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုမြောက်ပြီး စစ်ကောင်စီ၏ တာဝန်ရှိသူတွေအာလုံး တာဝန်ခံရမည်ဟု ထားဝယ်ခရိုင် သပိတ်ကော်မတီက ထုတ်ပြန်ထားသည်။
ထားဝယ်ခရိုင်သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦးက နှစ်ဖက်တိုက်ပွဲများတွင် အရပ်ဘက်နှင့် စစ်ဘက်ကို သေသေချာချာ ခွဲခြားကြရန်၊ နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့မျာအနေနှင့် အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများ၌ တိုက်ပွဲမဖော်ကြရန် တိုက်တွန်းပြောဆိုသည်။
ပြီးခဲ့သည့် ဧပြီ ၃ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် သာယာကုန်းကျေးရွာတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ထိမှန်သေဆုံးခဲ့သေးသည်။
သံလွင်တိုင်းမ် ပေးပို့သည်။