လောင်းလုံးတွင် စစ်ကောင်စီစစ်ကြောင်းက ဒေသခံ ၄ ဦးကို ဖမ်းဆီးသတ်ဖြတ်

0
286
Photo - CJ

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ထဲကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ဒေသခံ အရပ်သားပြည်သူ ၄ ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး နေအိမ် ၁၅ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများပြောဆိုမှုအရ သိရသည်။

တပ်အင်အား ၂၀၀ ကျော်ပါသည့် စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် သြဂုတ် ၂၈ ရက်နေ့ကစပြီး လောင်းလုံးမြို့နယ် စခန်းကြီး၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ဖွားဘုတ်ပြင်နဲ့ ဘူချိုင်းကျေးရွာတို့ကို စစ်ကြောင်းနှစ်ခွဲပြီး စစ်ကြောင်းထိုး ဝင်ရောက်လာသည်ဟု ဆိုသည်။

အဆိုပါစစ်ကြောင်းသည် သြဂုတ် ၃၀ ရက်နေ့ကနေ စက်တင်ဘာ ၂ ရက်နေ့အထိ စစ်ကြောင်းချီတက်ရာ လမ်းတလျှောက်က ကျေးရွာနေသူတွေကို ဖမ်းဆီးသတ်ဖြတ်မှု ကျူးလွန်ခဲ့ခြင်းဖြစ်သည်။

ထိုစစ်ကောင်စီစစ်ကြောင်းသည် ဘူချိုင်းရွာက အသက် ၅၀ အရွယ် အမျိုးသားများဖြစ်သည့် ဦးကျော်သန်း၊ ဦးဖိုးအေး၊ ဦးဘရွှေ အပါအဝင် စွန်တောင်ပေါ်ရွာနှင့် ဖွားဘုတ်ပြင်ရွာကြားက ဒေသခံအမျိုးသားတစ်ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ဖမ်းဆီးသတ်ဖြတ်ခံရသည့် ဒေသခံတို့သည် သာမာန်တောင်သူများနှင့် ခြံစိုက်စားသူများ ဖြစ်ကြပြီး တော်လှန်ရေးတပ်ဖွဲ့ ရှိနိုင်မည့်နေရာတွေကို သတင်းမပေးနိုင်တာကြောင့် သတ်ဖြတ်ခံရခြင်း ဖြစ်နိုင်သည်ဟု ဒေသခံတို့အကြား သုံးသပ်ပြောဆိုမှုလည်း ရှိနေသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် ဖွားဘုတ်ပြင်၊ ဘူချိုင်းနှင့် ပြင်ကြီးကျေးရွာက နေအိမ် ၁၅ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် ဒေသခံပြည်သူပိုင် ဆိုင်ကယ်အစီး ၂၀ ကျော်ကိုလည်း ယူဆောင်သွားသည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရှိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် ဘူချိုင်း၊ ခမောင်းတောင်၊ ထိန်တွင်း၊ စခန်းကြီး၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ကျောက်ဆင်၊ ကရင်ကြီးရွာတို့က ဒေသခံ ၅၀၀၀ ကျော်သည် ဘေးလွတ်ရာ နေရာများထံ ထွက်ပြေးတိမ်းရှောင်နေကြရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်ကြသေးပေ။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here