လောင်းလုံး မြို့မရဲစခန်းရှေ့တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF ဝင်တိုက်ခိုက်

0
150
Photo - Social Media

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ မြို့မရဲစခန်းရှေ့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများထံက သိရသည်။

ဧပြီ ၂၄ ရက် မနက် ၇ နာရီခန့်က လောင်းလုံး မြို့မရဲစခန်းရှေ့တွင် လမ်းသွားလမ်းလာများကို စစ်ဆေးနေသည့် အင်အား ၇ ဦးဝန်းကျင်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နွေဦးပြောက်ကျားတပ်ဖွဲ့က ပြောက်ကျားစနစ်နှင့် အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အလစ်ငိုက်ဝင်ရောက် တိုက်ခိုက်မှုကြောင့် မိနစ်အနည်းငယ်အကြာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိခဲ့ပေမယ့် အရေအတွက် အတိအကျ စုံစမ်းနေကြောင်း နွေဦး ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါသည်။

လောင်းလုံးမြို့ ဒေသခံများ၏ ပြောပြချက်အရ မြို့မရဲစခန်းရှေ့၌ စစ်ဆေးနေသော စစ်ကောင်စီတပ်ကို ဝင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး ထက်မနည်း သေဆုံးခဲ့သည်ဟု ပြောဆိုသော်လည်း သီးခြားအတည်ပြု နိုင်ခြင်းမရှိသေးပါ။

ယင်းသို့ မြို့မရဲစခန်းရှေ့တွင် စစ်ဆေးနေသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်သားများက ရဲစခန်းအနီးဝန်းကျင်က အရပ်သားပြည်သူတွေကို ခေါ်ယူစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ မြို့ဒေသခံတစ်ဦးက ဆိုပါသည်။

ပြီးခဲ့သည့် ဧပြီ ၈ ရက်နေ့ကလည်း လောင်းလုံးမြို့ရှိ လူဝင်မှုကြီးကြပ်ရေးမှူးရုံး၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများ အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးခဲ့ကြောင်းလည်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here