2 ဇူလိုင် 2025 /

See today's Peace Related News

Homeသတင်းလောင်းလုံမြို့နယ်အတွင်း အသက် ၇၀ ကျော်အရွယ် အမျိုးသမီးအား ခင်ပွန်းဖြစ်သူရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက မုဒိန်းကျင့်ခဲ့ဟုဆို

လောင်းလုံမြို့နယ်အတွင်း အသက် ၇၀ ကျော်အရွယ် အမျိုးသမီးအား ခင်ပွန်းဖြစ်သူရှေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးက မုဒိန်းကျင့်ခဲ့ဟုဆို

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းတွင် အသက် ၇၀ အရွယ် အမျိုးသမီးကို စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးက ယောက်ျားဖြစ်သူရှေ့တွင် နှစ်ရက်ဆက်တိုက် မုဒိမ်းကျင့်ခဲ့သည်ဟု နှင်းဆီရောင် အမျိုးသမီးသမဂ္ဂ (ထားဝယ်) က ပြောသည်။

ကညုံကျွန်းကျေးရွာတွင် တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်ထဲမှ တပ်ဖွဲ့ဝင်တစ်ဦးက အဆိုပါ အမျိုးသမီးကြီးကို မုဒိမ်းကျင့်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နှင်းဆီရောင် အမျိုးသမီးသမဂ္ဂ (ထားဝယ်) အဖွဲ့ တာဝန်ရှိသူက “ ဒီလောင်းလုံးမှာ ကျမတို့ အခြေစိုက်လှုပ်ရှားနေတဲ့အတွင်းမှာ ဒီလိုဖြစ်ရပ်မျိုးကတော့ ပထမဆုံးလို့ ပြောလို့ရတယ်ပေါ့နော်။ အဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့ ကျမတို့ မှတ်တမ်း ပြုစုထားပါတယ်။ ဘယ်အချိန်မှာ ဘယ်လိုဖြစ်ခဲ့တယ် ဆိုတာကိုပေါ့နော်” ဟု ပြောသည်။

ဇွန်လ ၁၄ ရက်နေ့ကနေ ဇွန်လ ၂၄ ရက်နေ့အထိ တပ်စွဲခဲ့သည့် စစ်ကောင်စီတပ်ထဲမှ တပ်ဖွဲ့ဝင်တစ်ဦးက အမျိုးသမီးကြီးအား ခင်ပွန်းဖြစ်သူ၏ရှေ့၌ နှစ်ရက်ဆက်တိုက် ငါးကြိမ်တိုင် မုဒိမ်းကျင့်ခဲ့သည်ဟု နှင်းဆီရောင် အမျိုးသမီးသမဂ္ဂ (ထားဝယ်) အဖွဲ့ တာဝန်ရှိသူက ပြောသည်။

မုဒိမ်းကျင့်ခဲ့သည့် စစ်သားမှာ အသက် ၄၀ ကျော်အရွယ် ဖိုးချေ ဆိုသူဖြစ်ပြီး ကျူးလွန်ခံရသည့် အမျိုးသမီးကို နှင်းဆီရောင် အမျိုးသမီးသမဂ္ဂ (ထားဝယ်) က တွေ့ဆုံမေးမြန်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ကျန်းမာရေးမကောင်းသည့် ခင်ပွန်းဖြစ်သူကို ပြုစုရန်နှင့် အဆိုပါ အမျိုးသမီးသည်လည်း အသက်အရွယ် ကြီးပြီဖြစ်သဖြင့် ကျေးရွာအတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းဝင်လာချိန်တွင် မတိမ်းရှောင်ဘဲ နေအိမ်၌ နေခဲ့သည့်အချိန်တွင် မုဒိမ်းပြုကျင့် ခံခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် မုဒိမ်းကျင့်ခံခဲ့ရသည့် အမျိုးသမီးကြီးသည် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနှင့် ကျန်းမာရေးအခြေအနေများ ကျဆင်းလျက်ရှိပြီး အထူး ဂရုတစိုက်နှင့် စောင့်ရှောက်ရန် လိုအပ်နေသည်ဟု နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ (ထားဝယ်) အဖွဲ့ တာဝန်ရှိသူက ပြောသည်။

“ အခုချိန်မှာ သူက ခန္ဓာကိုယ် အောက်ပိုင်းလည်း နာကျင်ကိုက်ခဲနေတယ်။ ပြီးရင်လည်း သူ အားဆေးတွေရော ပိုးသတ်ဆေးတွေလည်း သောက်နေရတယ်။ ပြီး အမျိုးသမီးအင်္ဂါကနေလည်း သွေးတွေထွက်ထားတဲ့ခါကြတော့ လမ်းကလည်း ပုံမှန် ကောင်းကောင်း မလျှောက်နိုင်တဲ့အနေအထား ရှိနေတာဆိုတော့လေ မနေ့ညဆို သူက ဆေးကုသမှုခံယူနေတဲ့ အနေအထားရှိတယ်ပေါ့နော်။ စိတ်ပိုင်းဆိုင်ရာကိစ္စက သူ စစ်ကောင်စီကို အရမ်းကြောက်နေတဲ့ အနေအထားရှိတယ်”

ပြည်သူများအနေဖြင့် လက်ရှိ စစ်ကောင်စီ လက်ထက်တွင် တရားမျှတမှုရရှိရန်အတွက် မည့်သည့်နေရာ၊ မည်သူမည်ဝါကို တောင်းဆိုရမည်ကိုပင် မသိကြသလို စိုးရိမ်ကြောက်လန့်နေကြသည်ဟု ဆိုသည်။

စစ်တပ်က အာဏာသိမ်းပြီးချိန်မှ ယနေ့အချိန်ထိ ဒေသတွင်း အုပ်ချုပ်ရေးယန္တရားများ ပျက်စီးကုန်သည့်အပြင် တရားဥပဒေစိုးမိုးရေးလည်း မရှိတော့ဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များကသာ ခြိမ်းခြောက်မှုများ၊ နိုင်ထက်စီးနင်းမှုများအပြင် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများကိုသာ ကျူးလွန်လျှက်ရှိနေသည်။

နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ (ထားဝယ်) အဖွဲ့ တာဝန်ရှိသူက “ဖက်ဆစ် စစ်တပ်ဆိုတဲ့အတိုင်း သူတို့က ကျမတို့ ပြည်သူတွေအပေါ်မှာ နည်းမျိုးစုံနဲ့ အရက်စက်ဆုံး အကြမ်းကြုတ်ဆုံး နည်းလမ်းတွေပဲ အသုံးပြုပြီးတော့ ညှင်းပန်းနှိပ်စက်မယ် ဖိနှိပ်ချုပ်ချယ်မယ်၊ အနိုင်ကျင့်မယ် စော်ကားမယ် အဲ့လိုမျိုးပဲ သူတို့လုပ်တယ်ပေါ့နော်။ အခုချိန်မှာ ကျမတို့အနေနဲ့ကတော့ ဘယ်နေ့ ဘယ်အချိန်မှာ သူတို့လုပ်ခဲ့လဲဆိုတာ သေချာ မှတ်တမ်းပြုစုထားဖို့ လိုမယ်ပေါ့နော်။ ဒီစစ်တပ်မှာ တရားမျှတမှုရဖို့အတွက် သွားပြီးတော့ တောင်းဆိုတာက အခုအချိန်မှာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေးနော်။ အဲ့လိုမျိုး မတရားအာဏာသိမ်းထားတဲ့ စစ်တပ်ကို ကျမတို့သွားပြီးတော့ တရားမျှတမှုရအောင်လုပ်ဖို့က တော်တော်လေးကို ခဲယဉ်းတယ်ပေါ့နော်” ဟု ပြောသည်။

ယခုကဲ့သို့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များ၏ ကျူးလွန်မှုအပေါ် နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ (ထားဝယ်) အနေဖြင့် အပြင်းအထန် ကန့်ကွက်ရှုတ်ချသည်ဟု ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်သည် ဇွန်လ ၁၄ ရက်နေ့တွင် လောင်းလုံးမြို့ပေါ်မှ ကညုံကျွန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် လမ်းတလျှောက်ရှိ ကျေးရွာများက ဒေသခံ တစ်ရာခန့်ကိုလည်း ဖမ်းဆီးခဲ့သေးသည်။

အလားတူ အသက် ၄၆ နှစ်အရွယ် ဦးမျိုးဇော်အောင် (ခ) ဦးမျိုးကြံအောင်ကိုလည်း လည်လှီးသတ်ဖြတ်ခဲ့ပြီး စစ်ပြဲကျေးရွာနှင့် လောင်းလုံးမြို့ကြား ဆီအုန်းတောထဲတွင် စွန့်ပစ်ခဲ့သည်ဟု ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်) က ထုတ်ပြန်ထားသည်။

ကညုံကျွန်းကျေးရွာတွင် တပ်စွဲနေထိုင်စဥ်အတွင်း နေအိမ်အချို့နှင့် ဆိုင်ကယ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်ရာချီကိုလည်း ဖောက်ထွင်းဝင်ရောက်ကာ တန်ဖိုးကြီးပစ္စည်းများကို ယူသွားခဲ့သည်ဟု ဒေသခံများက ဆိုသည်။

သတင်းနှင့်မီဒီယာကွန်ရက်