လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ရာဇဝတ်မှုများအတွက် တာဝန်ခံမှုနှင့် တရားမျှတမှုရှိရန် ဦးစားပေး လုပ်ဆောင်မည်ဟု NUCC နှင့် NUG တို့ ပူးတွဲထုတ်ပြန်

0
362
ပုံစာ - NUCC နှင့် NUG တို့၏ ပူးတွဲထုတ်ပြန်ချက်။

အမျိုးသားညီညွှတ်ရေးအစိုးရ-NUG နှင့် အမျိုးသားညီညွှတ်ရေး အတိုင်ပင်ခံကောင်စီ-NUCC တို့က စစ်ရာဇဝတ်မှု၊ လူမျိုးတုံး သတ်ဖြတ်မှုနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ အတွက် တာဝန်ခံမှုနှင့် တရားမျှတမှု ရရှိရန် အသွင်ကူးပြောင်းရေးကာလတွင် ဦးစားပေး လုပ်ဆောင်မည်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ဖက်ဒရယ်ပဋိညာဉ်ပါ ပြည်ထောင်စုမျှော်မှန်းချက် အခြေခံမူဝါဒများနှင့် နိုင်ငံရေးလမ်းပြ မြေပုံတို့ကို အခြေခံသော တော်လှန်ရေးအဖွဲ့အစည်းများ၏ ဘုံရပ်တည်ချက်ကို NUCC နှင့် NUG တို့က ဩဂုတ် ၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် ဘုံရပ်တည်ချက်သဘောထား ပူးတွဲထုတ်ပြန်ချက်တွင် အထက်ပါ ကဲ့သို့ ထည့်သွင်းဖော်ပြထားခြင်း ဖြစ်သည်။

အာဏာသိမ်းကာလ ပဋိပက္ခများအတွင်း ကျုးလွန်ခဲ့သော ပြစ်မှုများအတွက်သာမက စစ်ကောင်စီက တိုင်းရင်းသားများအပေါ် ခေတ်အဆက်ဆက် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ အတွက်ပါ ထပ်မံကျုးလွန်ခံရမှု မရှိစေရန်နှင့် တရားမျှတမှု ရရှိရန် အသွင်ကူးပြောင်း ရေးကာလ တရားမျှတမှု လုပ်ငန်းစဉ်အဖြစ် ဦးစားပေးလုပ်ဆောင်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်ပါ အချက်နှင့် ပတ်သက်၍ မေးမြန်းရာတွင် NUCC အဖွဲ့ဝင် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ ဥက္ကဌခွန်မြင့်ထွန်းက အခုလို ပြောသည်။

“ဒီပြစ်မှုတွေကို စစ်အုပ်စုပဲဖြစ်ဖြစ် ဘယ်သူတွေပဲဖြစ်ဖြစ် ကျူးလွန်တာရှိရင် ကျူးလွန်နေသူအားလုံး အပေါ်မှာ ဒီဟာက သက်ရောက်မှုရှိမှာ ဖြစ်တယ်။ အပြစ်ပေး အရေးယူနိုင်ရေးကို မဖြစ်မနေ ဆောင်ရွက်ရမှာပါ။ သက်ဆိုင်ရာအလိုက်တော့ မှတ်တမ်းမှတ်ရာ ပြုလုပ်နေတဲ့ နိုင်ငံတကာအဖွဲ့ အပါအဝင် အဖွဲ့တွေလည်း ရှိနေပါတယ်။ ကျနော်တို့ကလည်း ဒီအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မှာပါ” ဟု ၎င်းက ပြောသည်။

NUG နှင့် NUCC တို့မှ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု လုပ်ငန်းစဉ်များ အတွက် ပူးပေါင်း ဖွဲ့စည်းထားသော Joint ကော်မတီမှလည်း အဆိုပါ ပြစ်မှုကျူးလွန်သည့် ကိစ္စရပ်များကို မှတ်တမ်းတင်ခြင်း၊ နိုင်ငံတကာ အပါအဝင် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း စသည်တို့ အတွက် ပြင်ဆင်ဆောင်ရွက်နေကြောင်း ခွန်မြင့်ထွန်းက ဆက်ပြောဆိုသည်။

ထို့အပြင် အဆိုပါဘုံရပ်တည်ချက်သဘောထား ပူးတွဲထုတ်ပြန်ချက်တွင် အသွင်ကူးပြောင်းရေးကာလ လုပ်ငန်းစဉ်များ အပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံ၏ ပါဝင်မှုဖြင့် ပြည်ပရန် ကာကွယ်မည့် ဖက်ဒရယ်တပ်မတော် တည်ဆောက်သွားမည် ဖြစ်သလို အာဏာရှင်စနစ် ကင်းမဲ့သော ဖက်ဒရယ် ပြည်ထောင်စုရရှိရန် အတွက်လည်း စုပေါင်းခေါင်းဆောင်၊ တာဝန်ယူမှုဖြင့် ချီတက်တိုက်ပွဲဝင်သွားမည် ဖြစ်သည်ဟုလည်း ဖော်ပြပါရှိသည်။

ထို့အတူ PNFC အပြင် လက်နက်ကိုင်တော်လှန်ရေး အင်အားစုများသာမက အရပ်ဘက်အဖွဲ့အစည်းများ၊ အကြမ်းမဖက် အာဏာဖီဆန်ရေး-CDM လှုပ်ရှားသူများ ကဲ့သို့သော နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွင် ပါဝင်သူ အများစု လက်ခံနိုင်မည့် ရပ်တည်ချက် သဘောထားများအား စုစည်းကာ အဆိုပါ ရပ်တည်ချက် သဘောထားကို ထုတ်ပြန်ခြင်း ဖြစ်သည်ဟု NUCC က ရှင်းပြပြောဆိုထားသည်။

အလားတူ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနကလည်း ပြီးခဲ့သည့် ဩဂုတ် ၄ ရက်နေ့က တော်လှန်ရေး ကာလအတွင်း အကြမ်းဖက်မှုများနှင့် စစ်ရာဇဝတ်မှုများအား ကြားနာဖော်ထုတ်၍ တရားစီရင်နိုင်ရန်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၊ ဒေသဆိုင်ရာ တော်လှန်ရေးအင်အားစုများအကြား စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်စည်းကမ်းများအား လိုက်နာနိုင်ရန် ရည်ရွယ်၍ မေလ ၁ ရက်နေ့ ရက်စွဲဖြင့် တိုင်ကြားမှုများ ဆိုင်ရာ ကော်မတီတရပ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ကေအိုင်စီ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here