မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသူတစ်ဦး လုံလောက်သည့် ဆေးဝါးကုသမှု မရရှိသည့်အတွက် သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ထုတ်ပြန်သည်။
ပုဒ်မ ၅၀၅ (က) ဖြင့် ၂၀၂၁ ခုနှစ် မတ်လအတွင်းက ချမ်းအေးသာစံတရားရုံးမှ ထောင်ဒဏ် ၆ နှစ် အမိန့်ချမှတ်ခြင်း ခံထားရသည့် အသက် ၃၅ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူမယဉ်မိုးသည့် ကျောက်ကပ်ရောဂါဖြင့် မန္တလေး ဆေးရုံကြီးတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့က သေဆုံးသွားခဲ့သည်ဟု PPNM (Political Prisoners Network – Myanmar) က ပြောဆိုသည်။
မယဉ်မိုး နေမကောင်းစဉ်အချိန်အတွင်း ပြင်ပဆေးရုံတွင် ဆေးကုသမှုပေးရန် တောင်းဆိုခဲ့ရာတွင် ထောင်အာဏာပိုင်တို့က ပြင်ပဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း လုံခြုံရေး မပေးနိုင်ဟုဆိုကာ ဆေးရုံတွင် ကြာရှည်စွာ ဆေးဝါးကုသခွင့်မပေးဘဲ ကုသမှုခံယူနေရစဉ်အတွင်း မန္တလေးဆေးရုံကြီးမှ အိုးဘိုအကျဉ်းထောင်သို့ ၆ ကြိမ်တိုင်တိုင် ပြန်လည်ခေါ်ယူမှုများရှိခဲ့ကြောင်း PPNM ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
နိုင်ငံရေးအကျဉ်းသူ မယဉ်မိုးသည် ကျောက်ကပ်ရောဂါရှိနေကြောင်းကို အချိန်မီ မသိရှိရခြင်း၊ ရောဂါဖြစ်နေစဉ် အတွင်း လုံလောက်သည့် ဆေးဝါးကုသစောင့်ရှောက်မှု မရရှိခြင်း၊ ပြင်ပဆေးရုံတွင် အချိန်ပြည့် ဆေးဝါးကုသခွင့် မရရှိခြင်းတို့ကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်ဟုလည်း PPNM က ထုတ်ပြန်ထားသည်။
အကျဉ်းထောင်များတွင် လုံလောက်သည့် ဆေးကုသမှုမရရှိသည့်အတွက် နိုင်ငံရေးအကျဉ်းသားသေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေပြီး ၂၀၂၄ နှစ်စအတွင်းမှာပင် နိုင်ငံရေး အကျဉ်းသား၊ အကျဉ်းသူသေဆုံးမှု ၅ ဦး အထိ ရှိလာကြောင်း PPNM ၏ စာရင်းများအရ သိရသည်။
PPNM ပြောရေးဆိုခွင့်ရှိသူ ကိုသိုက်ထွန်းဦးက “တော်ရုံတန်ရုံ တိုက်ဆိုင်မှုလို့တော့ ကျွန်တော်ကမထင်တော့ဘူး။ ထောင်အာဏာပိုင်တွေက ထောင်ဆေးရုံတွေကို လူသတ်ကွင်းတွေအဖြစ် ပြောင်းလဲနေပြီလို့ ကျွန်တော်တို့ ထောက်ပြလို့ကိုရတဲ့ အနေအထားမှာရှိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တဖက်လက်ကနေ အကျဉ်းသားတွေကို သတ်ဖြတ်နေတယ်လို့ပဲ ကျွန်တော်က မြင်တယ်” ဟု ပြောဆိုသည်။
နိုင်ငံရေးအကျဉ်းသားများ မိသားစုနှင့် ထောင်ဝင်စာတွေ့ဆုံခွင့်ရချိန်၌ နိုင်ငံခြားဆေးဝါးများ ထောင်အတွင်းသို့ သွင်းယူလာခွင့်ပေးရန်နှင့် အကျဉ်းထောင်ထဲတွင် လုံလောက်သော ဆေးဝါးစောင့်ရှောက်မှုကို ရရှိခွင့်ပြုရန်လည်း သက်ဆိုင်သူများကို တောင်းဆိုကြောင်း ကိုသိုက်ထွန်းဦးက ဆိုသည်။
ဆက်လက်ပြီး ၎င်းက “နောက်ပြီး အရေးကြီးလူနာ အရေးပေါ်လူနာတွေကို အချိန်နဲ့တပြေးညီ ပြင်ပဆေးရုံတွေမှာ ကုသခွင့်ရရှိဖို့၊ အခု တချက်ထပ်တိုးချင်တာက ပြင်ပဆေးရုံကို ပို့ပေးသည့်တိုင် လုံလောက်တဲ့ ဆေးဝါးကုသမှုကို ပေးဖို့ အချိန်ရရှိခွင့်ကို ကျွန်တော်တို့ တောင်းဆိုလိုပါတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ကျိုက်မရောအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၂ ဦး ဖြစ်သည့် ကိုရာရှင်(ခ)ဟာရှင်နှင့် ကိုပြည့်ဖြိုးအောင်၊ မကွေးအကျဉ်းထောင်မှ မစုမေအောင်၊ ကလေးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ကိုကြည်ရအောင်တို့သည် လုံလောက်သည့် ဆေးဝါးကုသမှုမရရှိသည့်အတွက် သေဆုံးခဲ့သည်။
IMNA ပေးပို့သည်။