လီဒိုလမ်းတွင် ခရီးသည်များကို KIA တပ်သားသစ် ဖမ်းဆီးစုဆောင်းနေ

0
298

ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်း၊ လီဒိုလမ်းမပေါ်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ခရီးသည်များအား စစ်သားစုဆောင်း ဖမ်းဆီးနေသည်ဟု ဒေသခံများက ပြောသည်။

မြစ်ကြီးနား – ရှင်ဗွေယန်မြို့ကို ဆက်သွယ်ထားသည့် ဟူးကောင်းချိုင့်ဝှမ်း၊ လီဒိုလမ်းမပေါ်ရှိ KIA တပ်ရင်း ၁၄ မှ နာဂ၊ ကချင်နှင့် လီဆူလူမျိုး ခရီးသည်များကို စစ်သားစုဆောင်း ဖမ်းဆီးနေခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက အခုလို ပြောသည်။

“တနိုင်းနဲ့ ရှင်ဗွေယန်၊ မြစ်ကြီးနားကြားမှာ လမ်းပေါ်မှာ ခရီးသွားတွေကို စစ်သားစုဆောင်းနေတာ ၂ ပတ်လောက်ရှိပြီ။ နာဂ၊ ကချင်၊ လီဆူ ဆို ဖမ်းတယ်။ မှတ်ပုံတင်ကြည့်ပြီး ဖမ်းတယ်။ အရင်ပတ်ကလည်း နာဂလေးတွေ တော်တော်များများ အဖမ်းခံသွားရတယ်” ဟု ၎င်းက ပြောသည်။

ခရီးသည်များအား မှတ်ပုံတင်စစ်ဆေးကာ အထက်ပါလူမျိုးများဖြစ်ပါက အိမ်ထောင်သည်များသာမက အမျိုးသား၊ အမျိုးသမီးများ လူငယ်လူလတ်ပိုင်းများကို ဖမ်းဆီးနေခြင်းဖြစ်သည်ဟု ခရီးသည်တစ်ဦးက ပြောဆိုသည်။

“အိမ်ထောင်သည်လည်း ဖမ်းတယ်။ တစ်အိမ်က ၂ ယောက်ဆို တစ်ယောက်လွတ်တယ်၊ တစ်ယောက်ကို ဖမ်းတယ်။ စစ်သားလုပ်ဖို့ ဖမ်းတာ။ ခရီးသွားတွေကို ဖမ်းနေတာတော့ တော်တော်ယုတ်မာတဲ့လုပ်ရပ်ပဲ” ဟု အဆိုပါခရီးသည်က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA လက်အောက်ခံ တပ်ရင်း ၁၄ သည် လီဒိုလမ်းမပေါ်ရှိ လဂျားဘွမ်ကျေးရွာ ပတ်ဝန်းကျင်တွင် ရှောင်တခင်ထွက်ပြီး ဖမ်းဆီးနေခြင်းဖြစ်သည်ဟု သိရသည်။

ထိုသို့ ရှောင်တခင်ထွက်၍ ဖမ်းဆီးရာတွင် နာဂလူငယ်များအား အဓိကဖမ်းဆီးနေပြီး တရုံကျေးရွာရှိ နာဂလူငယ်များအားလည်း နေအိမ်များထဲအထိဝင်ကာ ဖမ်းဆီးသွားသည်များ ရှိနေသည်ဟု ဒေသခံများက ပြောသည်။

“လဂျားဘွမ်ရွာဝန်းကျင်မှာ ရှောင်တခင်ထွက်လာပြီး ဖမ်းနေတာ။ အရင်ကလည်း တစ်ခါဖမ်းတယ်။ အဲ့ဒီအချိန်တုန်းက နာဂတွေပဲဖမ်းတယ်။ နာဂအဖွဲ့က ဖမ်းခိုင်းတာဆိုပြီး ပြောတယ်။ ဒါပေမယ့် မဟုတ်ဘူး။ KIA စစ်သားလုပ်ဖို့ပဲ ဖမ်းနေတာ” ဟု ယင်းဒေသခံက ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA လက်အောက်ခံ တပ်ရင်း ၁၄ က ဒေသခံများအား စစ်သားစုဆောင်းနေသည့် ကိစ္စနှင့်ပတ်သက်၍ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပါ။

စစ်သားစုဆောင်းမှု ပြုလုပ်နေသည့် KIA တပ်ရင်း ၁၄ နယ်မြေတွင် ကချင်လွတ်လပ်ရေးတပ်မတော်အပြင် စစ်ကောင်စီတပ်နှင့် မင်းဇင်သန့်ဦးဆောင်သည့် စစ်ကောင်စီလက်အောက်ခံ ပြည်သူစစ်အဖွဲ့တို့လည်း လှုပ်ရှားသွားလာလျှက်ရှိသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါဒေသတွင် စစ်ရေးလှုပ်ရှားနေသည့် KIA တပ်ရင်း ၁၄ သည် ဇွန်လ ၂၁ ရက်နေ့က ဟူးကောင်းချိုင့်ဝှမ်အတွင်းရှိ ဝါရာဇွပ် တိုက်နယ်အား ကန့်သတ်နယ်မြေ အဖြစ် သတ်မှတ်လိုက်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here