
ကချင်ပြည်၊ ဒေါ့ဖုန်းယန်မြို့နယ် လိုင်ဇာမြို့အဝင် လဂျားယာန်ကျေးရွာအထက်တွင်ရှိသည့် လဝါယာန် (Lawa Yang) ခမရ ၆၀၁ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မတ်လ ၉ ရက်နေ့ မနက်ပိုင်း၌ ထပ်မံသိမ်းပိုက်လိုက်နိုင်တယ်လို့ KIO က အတည်ပြုပြောဆိုသည်။
လိုင်ဇာအဝင်ပေါက်ဖြစ်သည့် လဝါယာန်တပ်စခန်းကို KIA ပူးပေါင်းတပ်များက မတ်လ ၉ ရက်နေ့ နံနက် အစောပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၉ နာရီလောက်တွင် အပြီးသိမ်းပိုက်နိုင်ပြီလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုပြောဆိုသည်။
“လဂျားယာန်နဲ့ လဝါယာန်ကြားမှာရှိတဲ့ စစ်တပ်စခန်းတစ်ခုကို ထပ်သိမ်းနိုင်တယ်။ စတိုက်တာက ၇ နာရီ လောက်ဖြစ်မယ်။ ၉ နာရီလောက်မှာ သိမ်းနိုင်ခဲ့တယ်။ ဒီတကြောမှာရှိတဲ့ တပ်စခန်းက ဆက်တိုက် သိမ်းနေပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။
ယခု KIA က သိမ်းပိုက်လိုက်သည့် စစ်ကောင်စီတပ်စခန်းသည် လဂျားယာန်နှင့် လဝါယာန်ကြားရှိ မဆင်ဘွမ့် (Masen Bum) တပ်စခန်းအကြီးတစ်ခုဖြစ်ပြီး စစ်အင်အား ၃၀ နှင့် ၄၀ ကြားရှိပြီး၊ ၂၀၁၁ ခုနှစ် နောက်ပိုင်း တပ်ချထားသည့် စစ်တပ်စခန်းတစ်ခုဖြစ်ကြောင်း သိရသည်။
အဆိုပါတပ်စခန်းသည် မြစ်ကြီးနား – ဗန်းမော် လမ်းမကြီးပေါ်ရှိ တပ်စခန်းတစ်ခုဖြစ်ပြီး ယင်းနေရာမှ လိုင်ဇာမြို့ အဝင်အထွက်ကို ထိန်းချုပ်ထားသည့် စစ်တပ်စခန်းတစ်ခုလည်း ဖြစ်တယ်လို့ ဒေါ့ဖုန်းယန်ဒေသခံ အမျိုးသားတစ်ဦးက အခုလိုပြောပါသည်။
“အဲဒီတပ်စခန်းက အရမ်းအရေးကြီးတဲ့တပ်စခန်း ဖြစ်တယ်။ သူက လိုင်ဇာဘက်ကို ဝင်သွားတဲ့ တံခါးဝကြီးတစ်ခု ဖြစ်တယ်။ အဲဒီစခန်းကို ယူလိုက်ပြီဆိုရင် လိုင်ဇာဘက်ကို လွတ်လွတ်လပ်လပ်သွားလာလို့ရပြီ” ဟု ၎င်းက ပြောသည်။
ဗိုလ်မှူးကြီးနော်ဘူ၏ ပြောဆိုချက်အရ မတ်လ ၇ ရက်နေ့က မြစ်ကြီးနား – ဗန်းမော် ကားလမ်းတကြော KIO လိုင်ဇာမြို့ အနီးတဝိုက်ရှိ စစ်ကောင်စီတပ်စခန်းများကို စခန်းသိမ်းတိုက်ပွဲအဖြစ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်မှာ မတ်လ ၉ ရက်နေ့ အထိဆိုလျှင် ၃ ရက်မြောက်နေ့အထိ ရှိလာပြီဟု ဆိုသည်။
လက်ရှိတွင်လည်း လိုင်ဇာအနီးတဝိုက်ရှိသည့် ဖွန်းပရန်ဘွမ့် (Hpun pyen Bum) ၊ အင်တပ့်ဘွမ့် (Ntap Bum) ၊ ဒေါ့ဖုန်းယန် ခလရ ၁၄၂ တပ်ရင်းနှင့် ရှေ့တန်းလုံခြုံရေးတပ်စခန်း(အသေး) အများအပြားကိုလည်း သိမ်းဆည်း ရရှိထားပြီးဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုပါသည်။
KIO လိုင်ဇာမြို့ အနီးတဝိုက်ရှိ စစ်ကောင်စီတပ်၏ တပ်စခန်းအကြီးများဖြစ်သည့် ခယာဘွမ့်နှင့် ဘွမ်ရေဘွမ့် တို့သာ ကျန်ရှိနေပြီး KIA တပ်ဘက်က အဆိုပါတပ်စခန်းများကိုလည်း ဆက်လက်သိမ်းပိုက်နိုင်ရန်အတွက် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်သည်ဟု ဆိုသည်။
ယင်းအပြင် မတ်လ ၉ ရက်နေ့ တရက်တည်းမှာပင် ဆွမ်ပရာဘွမ့်မြို့နယ်ထဲက မလိယန်စစ်ကောင်စီတပ်စခန်း ဒိန်ဝါရွမ် (Ding Wa Rum) တပ်စခန်းကိုလည်း ထပ်မံသိမ်းဆည်းထားနိုင်ပြီး ဆွမ်ပရာဘွမ့်မြို့တပ် ခလရ ၄၆ တပ်ရင်း နေရာတွင်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
KNG ပေးပို့သည်။