လားရှိုး၊ ခုန်စုန်ရွာသားများကို စစ်ကောင်စီတပ်သားများက သုံးရေသောက်ရေခပ်ရန် စေခိုင်း

0
452
ပုံစာ - ကျေးရွာဆိုင်းဘုတ်

သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ ခုန်စုန်ကျေးရွာအတွင်း ရောက်ရှိနေသည့် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့သည် ရွာသားများကို ၎င်းတို့၏ သုံးရေသောက်ရေအတွက် ခပ်ပေးရန် ညွှန်ကြားစေခိုင်းနေကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၀ ရက်က စတင်ပြီး ခုန်စုန်ကျေးရွာအုပ်စုအတွင်း ရောက်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် ၎င်းတို့တပ်ဖွဲ့ဝင်များ သောက်သုံးရန် ရေကို ဒေသခံရွာသားများ အလှည့်ကျဖြင့် ခပ်ပေးရန် ညွှန်ကြားစေခိုင်းကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“တစ်နေ့ကို ထော်လာဂျီ တစ်စီးနဲ့ ဆိုင်ကယ်တစ်စီး ပေးရမှာတဲ့၊ ဆိုင်ကယ်က သူတို့ သွားရေးလာရေးအတွက်၊ ထော်လာဂျီက ရေခပ်ပြီး ဖြည့်ပေးဖို့ အတွက်ပေါ့၊ မပေးရင် မရဘူး ဆိုပြီးတော့ ရွာလူကြီးဆီ ညွှန်ကြားလာတာ၊ ရွာသားတွေလည်း အလှည့်ကျစနစ်နဲ့ သူတို့အတွက် ရေတွေကိုခပ်ပြီး ပို့ပေးရတယ်” ဟု အဆိုပါ ဒေသခံ အမျိုးသားက ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီအတွက် ရေခပ်ပေးရန် ထော်လာဂျီနှင့် ဆိုင်ကယ် ပေးရသည့်အပြင် ထော်လာဂျီမောင်းသူ၊ ရေခပ်ထည့်ပေးမည့်သူ အမျိုးသားတစ်ဦးလည်း ပေးရကြောင်း သိရသည်။

လက်ရှိအချိန်သည် လယ်ယာလုပ်ငန်းခွင် စတင် လုပ်ကိုင်နေကြသည့်အချိန် ဖြစ်နေသည့်အတွက် ဒေသခံများ၏ လုပ်ငန်းခွင်များကို ထိခိုက်သည့်အပြင် မလုံခြုံသလို ခံစားရကြောင်း ဒေသခံများက ပြောသည်။

“အခုက ပျိုးကြဲတဲ့အချိန်၊ လယ်ထွန်တဲ့အချိန် ဆိုတော့ လုပ်အားတွေက တအား လိုတယ်လေ၊ တချို့အိမ်ကဆိုရင် အိမ်တံခါးတွေ ပိတ်ပြီး၊ လယ်ယာ သွားကြရတာ၊ ဒါပေမယ့် အခုလို သူတို့အတွက် ရေခပ်ဖို့ ရေသယ်ဖို့ တစ်နေ့ကို အမျိုးသားတစ်ဦးက မရှိမဖြစ် နေပေးရမှာဆိုတော့ လုပ်ငန်းပိုင်း ထိခိုက်တယ်။ ပြီးတော့ လုံခြုံရေးကိုလည်း စိုးရိမ်ရတာပေါ့” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

ထို့အပြင် အဆိုပါ နယ်မြေအနီး ပတ်ဝန်းကျင်၌ စစ်ကောင်စီတပ်ဖွဲ့အပြင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များလည်း သွားလာလှုပ်ရှားနေသည့်အတွက် ထိတွေ့ပစ်ခတ်မှု ဖြစ်မှာကို စိုးရိမ်ရကြောင်းလည်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂ ရက်က လားရှိုးမြို့နယ်အတွင်း MNDAA နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီး/ငယ် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံများ စစ်ရှောင်ထွက်ပြေး ခဲ့ရသည်။

လက်ရှိအချိန်သည် ဒေသခံများ လယ်ယာလုပ်ငန်းခွင် ဝင်ရောက်ရမည့်အချိန် ဖြစ်နေသည့်အတွက် လက်နက်ကိုင်တပ်ဖွဲ့များ ကျေးရွာအနီး တိုက်ပွဲ မဖြစ်ကြရန် ဒေသခံများက တောင်းဆိုထားသည်။

အဆိုပါ ဒေသအတွင်း လှုပ်ရှားနေသည့် လက်နက်ကိုင်တပ်ဖွဲ့များမှာ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့အပြင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA ၊ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကိုးကန့်တပ်မတော် MNDAA တို့ သွားလာလှုပ်ရှားနေကြောင်း ဒေသခံများက ပြောသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here