လားရှိုးမှ စစ်ဘေးရှောင်လာသူ လူငယ် ၁ ဦးကို MNDAA က တပ်သားသစ်အဖြစ် အဓမ္မဖမ်းဆီးခေါ်သွား

0
133
ပုံစာ - MNDAA က တပ်သားသစ်အဖြစ် အဓမ္မဖမ်းဆီးခေါ်သွားသည့်လူငယ်။

သျှမ်းမြောက် လားရှိုးမြို့တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များထဲမှ လူငယ်တစ်ဦးကို ကိုးကန့်တပ်ဖွဲ့ MNDAA က တပ်သားသစ်အဖြစ် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း အဆိုပါလူငယ်၏ မိသားစုဝင်များက ပြောသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက်က တိုက်ပွဲကြောင့် လားရှိုးမြို့မှ မိုင်းရယ်၊ ဝမ်ဟိုင်းဘက်သို့ တိမ်းရှောင်ရန်လာကြစဉ် လားရှိုး – သီပေါ – တန်းယန်း လမ်းခွဲရှိ ခါးရှီကျေးရွာတွင် ကိုးကန့်တပ်ဖွဲ့ MNDAA ၏ တားမြစ်စစ်ဆေးခြင်းခံရပြီး ညီဖြစ်သူကို အတင်းအဓ္ဓမဖမ်းဆီးခဲ့သည်ဟု အတူလိုက်ပါလာသည့် အစ်ကိုဖြစ်သူစိုင်းထွန်းလူက ပြောဆိုသည်။

“အစပိုင်းကတော့ ကျနော်တို့ကားကိုတားပြီး ရပ်ခိုင်းပါတယ်။ ပြီးတော့ ဖုန်းလာစစ်တယ်။ သူတို့စစ်နေရင်း ကြိုက်ရင်ယူလိုက်တာပဲ။ ကျနော်တို့ညီအစ်ကိုကိုတွေ့တော့ ကျနော်ကိုမေးတယ် မင်းတို့ညီအစ်ကို တွေလားတဲ့။ ကျနော်လည်း ဘာမှမသိ၊ ဘာမှနားမလည်တော့ ဟုတ်တယ်လို့ဖြေလိုက်တာ။ ပြီးလည်းပြီးရော ကျနော့်ညီကို ကားပေါ်ဆင်းခိုင်းပြီး ခေါ်ထားလိုက်တာ။ ကျနော်လည်း ပိုက်ဆံပေးမယ်၊ ပြန်လွတ်ပေးပါလို့ ပြောတော့ မရှည်နဲ့တဲ့။ မင်းတို့မပြန်ရင် မင်းတို့အကုန်လုံးကို ဖမ်းထားလိုက်မယ်လို့ ခြိမ်းခြောက်တာ” ဟု စိုင်းထွန်းလူက ပြောသည်။

ဖမ်းဆီးခံလိုက်ရသည့် ညီဖြစ်သူစိုင်းပန်းစိန်သည် အသက် ၂၂ နှစ်အရွယ်ရှိပြီး ၎င်း၏မိဘများက သားဖြစ်သူကို ပြန်လွှတ်ပေးပါရန် ဇူလိုင် ၉ ရက်က ကိုးကန့်တပ်ဖွဲ့ MNDAA ထံ သွားရောက်တောင်းဆိုခဲ့သည်ဟု ဆိုသည်။

သို့သော် MNDAA ဘက်က ဖမ်းဆီးခေါ်သွားသည့် စိုင်းပန်းစိန်အား ပြန်မလွှတ်ပေးသည့်အပြင် စစ်သင်တန်းသို့ ပို့ဆောင်လိုက်ပြီဟု ပြောဆိုခဲ့ကြောင်း အမေဖြစ်သူက ယခုလိုပြောပြသည်။

“အဲ့နေ့က ကျမရဲ့သားကို ပြန်တွေ့နိုင်ဖို့ဆိုပြီး သူတို့စစ်သားအတွက်ရော၊ လူကြီးအတွက်ရောပါ မုန့်တွေ လက်ဆောင်တွေ ဝယ်သွားပြီးပေးတယ်။ သူတို့လည်း ထိန်းသိမ်းထားတဲ့ အကျဉ်းခန်းထဲကို ခေါ်သွားတယ်၊ ပြတယ်။ အဲ့မှာကောင်လေးတစ်ယောက် ထိုင်နေတာပဲတွေ့တယ်။ ကျမရဲ့သားလည်း မတွေ့ဘူး။ ပြီးမှ ကျမရဲ့သားကို စစ်သင်တန်းကို ပြောလိုက်ပြီလို့ပြောတာ” ဟု အမေဖြစ်သူက ပြောသည်။

လက်ရှိတွင် စိုင်းပန်းစိန်ကို ကိုးကန့်တပ်ဖွဲ့ MNDAA က အဓ္ဓမဖမ်းဆီးထားသည်မှာ ရက်သတ္တပတ်ကြာပြီဖြစ်သော်လည်း ပြန်မလွှတ်လာသေးကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ပြန်ကြားရေး တာဝန်ခံထံ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာတွင်လည်း ဆက်သွယ်လို့ မရရှိသေးပါ။

အစ်ကိုဖြစ်သူ စိုင်းထွန်းလူက “တိုက်ပွဲဖြစ်လို့ စစ်ဘေးရပါတယ်၊ အခုက ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်းကြီး ကျားထက်ဆိုးဘဝ ရောက်နေပြီ” ဟု ပြောသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ၏ တားမြစ်စစ်ဆေးခံရသည့် ခါးရှီကျေးရွာသည် လားရှိုးမြို့နှင့် ၁၀ မိုင်ခန့်သာ ကွာဝေးသည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် စတင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” ပထမလှိုင်းတွင်လည်း လောက်ကိုင်မြို့မှ ထွက်ခွာလာသည့် လူငယ်များအား တပ်သားအဖြစ် ကိုးကန့်တပ်ဖွဲ့ MNDAA မှ အတင်းအဓမ္မ စုဆောင်းခဲ့သေးသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here