လားရှိုးမြို့ပေါ်တွင် ညအပြင်ထွက်သူများကို စစ်ကောင်စီက သေနတ်ပစ်ခြိမ်းခြောက်

0
241
ပုံစာ - လားရှိုးမြို့ပေါ်တနေရာ။

သျှမ်းပြည်၊ လားရှိုးမြို့ပေါ်တွင် စစ်ကောင်စီက ညနေ ၆ နာရီကျော် နေအိမ်အပြင်ထွက်သူများကို သေနတ်ပစ် ခြိမ်းခြောက်မှုများ ပြုလုပ်နေကြောင်း လားရှိုးမြို့ခံများထံမှ စုံစမ်းသိရသည်။

သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် ယခုရက်တစ်ပတ်အတွင်း၌ စစ်ကောင်စီက ည ၆ နာရီမှ စတင်ပြီး နေအိမ်အပြင် မထွက်ရန် လော်စပီကာဖြင့် လိုက်ကြေညာခဲ့သည်ဟု လားရှိုးမြို့ခံများက ပြောသည်။

လားရှိုးမြို့ ဒေသခံအမျိုးသားတစ်ဦးက “နေ့လည်တွေဆိုရင် ကားနဲ့ ည ၆ နာရီကျော်ရင် အပြင်မထွက်ဖို့ ပြောတယ်။ ထွက်ရင် အရေးယူမယ် ပြောတယ်။ သူတို့ရဲ့ စကားအလှပေါ့၊ တကယ်တမ်းကြတော့ ပစ်သတ်တာပဲ။ အခုဆိုရင် ပိုဆိုးလာတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်မတ်လ ၁၀ ရက်နေ့ ညနေ ၆ နာရီတွင် လားရှိုးမြို့ ရပ်ကွက် (၅) ဘက်တွင် စစ်ကောင်စီတပ်သားများက အပြင်ထွက်သည့် အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်လိုက်တာကြောင့် ခြေထောက်ထိမှန်သွားကြောင်း လားရှိုးဒေသခံအမျိုးသားက ထပ်လောင်းပြောပြသည်။

“ကျနော်ကြားရတာတော့ စစ်သားက သေနတ်နဲ့ပစ်လိုက်လို့ အမျိုးသားတစ်ဦး ခြေထောက်ထိမှန်သွားတယ်လို့ ပြောတယ်။ အတိအကျတော့ ပြောလို့မရဘူး။ ညဆိုရင် လူတွေ အပြင်မထွက်ရဲဘူး” ဟု အဆိုပါအမျိုးသားက ဆိုသည်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)မှ လားရှိုးမြို့နယ်တွင်၂၀၂၃ နိုဝင်ဘာလ ၁၅ ရက်တွင် မာရှယ်လော စတင်ထုတ်ပြန်ခဲ့ပြီး ည ၆ နာရီမှ နံနက် ၆ နာရီအတွင်း ညမထွက်ရအမိန့် မလိုက်နာသူများကို ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ထို့သို့ ကြေညာချက်ထုတ်ပြီးနောက် နှစ်လကျော်အတွင်း လူ ၆ ဦး ထက်မနည်းကို စစ်ကောင်စီက ပစ်သတ်ခဲ့ကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

ယခုရက်ပိုင်းတွင်လည်း စစ်ကောင်စီဘက်မှ လားရှိုးလူငယ်များကို ဦးတည်ပြီး စစ်ဆေးမှု တင်းကြပ်ခြင်း၊ ဖမ်းဆီး မေးမြန်းခြင်းများ ပြုလုပ်နေပြီး၊ ဖုန်းများလည်း စစ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် အသက် (၂၅) နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“ဒီရက်ပိုင်းက စစ်ဆေးတာ ပိုတင်းကြပ်လာတယ်။ ဆိုင်ကယ်တွေ စစ်တယ်၊ ဖုန်းတွေ စစ်တယ်။ ပြီးရင် လူကိုမေး အတင်းကြပ်မေးတာ၊ နာရီဝက်လောက်‌ ခေါ်ထားခံရတယ်” ဟု ၎င်းက ပြောသည်။

လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့အပြင် ပြည်သူ့စစ်အဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည့် SSPP/SSA၊ TNLA ၊ MNDAA စသည့်ဖြင့် လက်နက်ကိုင်တပ်ဖွဲ့များလည်း လှုပ်ရှားနေသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here