16 ဧပြီ 2025 /

See today's Peace Related News

သတင်းလားရှိုးတွင် MNDAA က မုဒိမ်းမှု၊ လူသတ်မှု၊ ခိုးမှုနှင့် လုယက်မှုကျုးလွန်သူတို့ကို အများပြည်သူရှေ့ သေဒဏ်ပေး ကွပ်မျက်

လားရှိုးတွင် MNDAA က မုဒိမ်းမှု၊ လူသတ်မှု၊ ခိုးမှုနှင့် လုယက်မှုကျုးလွန်သူတို့ကို အများပြည်သူရှေ့ သေဒဏ်ပေး ကွပ်မျက်

သျှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ဧပြီ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ကိုးကန့်တပ်ဖွဲ့ MNDAA က ရာဇဝတ်မှုကျူးလွန်သူများကို အများပြည်သူရှေ့ သေဒဏ်ချမှတ်ပြီး ချက်ချင်းကွပ်မျက်ခဲ့ကြောင်း မြို့ခံများက ပြောဆိုသည်။

ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် မန်ဆူကျောင်းတိုက်နှင့် အဝေရာလမ်းသွယ်အနီးတွင် MNDAA စစ်ရေးအုပ်ချုပ်မှုကော်မတီက ဖမ်းဆီးရမိထားသည့် ရာဇဝတ်မှုကျူးလွန်သူ ၈ ဦးကို အများပြည်သူရှေ့ သေဒဏ်နှင့် တစ်သက်တစ်ကျွန်းထောင်ဒဏ် စီရင်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ရာဇဝတ်မှုကျူးလွန်သူ ၈ ဦးထဲမှ မုဒိမ်းမှုကျူးလွန်သူတစ်ဦးကို တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်ပြီး လူသတ်မှု၊ ခိုးမှုနှင့် လုယက်မှုကျူးလွန်သူ အမျိုးသား ၇ ဦးတို့ကို သေဒဏ်ချမှတ်ခဲ့ပြီးနောက် လားရှိုးလေဆိပ်ဘက်သို့ ခေါ်ဆောင်သွားကာ ချက်ချင်းကွပ်မျက်လိုက်သည်ဟု လားရှိုးဒေသခံများက ပြောသည်။

ကြားနာပွဲသို့ ကိုယ်တိုင်တက်ရောက်နားထောင်ခဲ့သူ လားရှိုးဒေသခံအမျိုးသားတစ်ဦးက “မန်ဆူဘက် ကြားနာပွဲလုပ်တာ၊ အပြစ်သားလို့ပြောတာ အားလုံးပေါင်း ၈ ယောက်။ တစ်ယောက်က ကိုယ့်သမီးအရင်းကို မုဒိမ်းကျင့်တာ၊ အဲ့ဒါက တသက်တကျွန်းထောင်ဒဏ်။ သေဒဏ်ပေးခံရတာ ၇ ယောက်၊ အကုန်လုံးက လူသတ်မှုနဲ့ ခိုးမှု၊ ဓားပြမှု။ အရင်ရက်ကပဲ လူသတ်လို့ဖမ်းထားတာ၊ မြို့ပေါ်လိုက်ပြပြီး လေယာဉ်ကွင်းဘက် ကိစ္စတုံး (သတ်) လိုက်တယ်” ဟု ပြောသည်။

ရာဇဝတ်မှုကျူးလွန်သူများကို အမှုကြားနာစဉ် မုဒိမ်းမှု၊ လူသတ်မှု၊ ခိုးမှုနှင့် လုယက်မှုတို့ကို ဖြစ်စဉ် (၁၀) ခုထက်မနည်း ကျူးလွန်ခဲ့ကြကြောင်း MNDAA အရာရှိများမှ ဖတ်ကြားခဲ့သည်ဟု ကိုယ်တိုင်တက်ရောက် နားထောင်ခဲ့သူများထံက သိရသည်။

သေဒဏ်ချမှတ်ခံရသူ (၇) ဦးထဲမှ (၅) ဦးကို လားရှိုးလေယာဉ်ကွင်းဘက်သို့ ခေါ်ဆောင်သွားပြီး အသင့်တူးဖော်ထားသည့် မြေကျင်းများရှေ့တွင် သေနတ်ပစ်ခတ်ကာ ချက်ချင်းကွပ်မျက်ခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

လားရှိုးမြို့ကို ထိန်းချုပ်ထားသည့် MNDAA က ယခုဧပြီလကုန်ပိုင်းတွင် စစ်ကောင်စီထံ ပြန်အပ်မည်ဟု သတင်းထွက်ပေါ်နေချိန် ယခုကဲ့သို့ ပထမဆုံး ပြစ်ဒဏ်စီရင်ခြင်း လုပ်ဆောင်လာသည့်အတွက် ဒေသခံများ ထိတ်လန့်နေရကြောင်း ၎င်းတို့က ပြောဆိုသည်။

“အခုကြတော့လည်း လန့်စရာကြီးလေ။ သေဒဏ်ချပြီး ချက်ချင်းသတ်လိုက်တာဆိုတော့ အရင်က မကြားဖူးတဲ့ ကိုယ်တွေတောင် အံ့ဩတယ်။ ဒါက ဖြစ်သင့်လား မဖြစ်သင့်ဘူးလားဆိုတာ ပြည်သူတွေ သဘောတူလက်ခံထားတဲ့ ဥပဒေနဲ့ဆုံးဖြတ်တာ မဟုတ်တော့ ပြောရခက်တယ်၊ ဥပဒေလို့ပြောရင်တောင် တရားသော ဥပဒေမျိုးဖြစ်ရမယ်”ဟု လားရှိုးမြို့မှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ် ၂၀၂၄ ဧပြီလနှင့် ဒီဇင်ဘာလတို့တွင်လည်း လောက်ကိုင်မြို့၌ ကိုးကန့်တပ်ဖွဲ့ MNDAA ကနေ ပြန်ပေးဆွဲမှု၊ ငွေညှစ်မှု၊ မုဒိမ်းမှုနှင့် လူသတ်မှုစသည့် ရာဇဝတ်မှုကျူးလွန်သူများကို သေဒဏ်အပါအဝင် တသက်တကျွန်းထောင်ဒဏ်တို့ကို လူစုလူဝေးရှေ့မှောက် နှစ်ကြိမ်တိုင်တိုင် စီရင်ချက်ချမှတ်ခဲ့သည်။

ထိုသို့ သေဒဏ်ချမှတ်ခဲ့စဉ်က ဥရောပသမဂ္ဂ EU မှ အပြင်းထန်ဆုံးရှုတ်ချပြီး သေဒဏ်ချမှတ်မှုကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂရုံးက ထုတ်ပြန်ခဲ့သည်။

ဥရောပသမဂ္ဂ EU ၏ ထုတ်ပြန်ချက်ထဲတွင် သေဒဏ်သည် လူမဆန်သည့် ယုတ်ညံ့သောပြစ်ဒဏ်ဖြစ်ပြီး လူ့ဂုဏ်သိက္ခာကို အဆုံးစွန်သော ငြင်းပယ်မှုကိုကိုယ်စားပြုကြောင်း ဖော်ပြထားပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက် နိုင်ငံတကာစံနှုန်းများနှင့်အညီ တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းရန်လည်း ကိုးကန့်တပ်ဖွဲ့ MNDAA ကို တိုက်တွန်းထားပါသည်။

လက်ရှိတွင်လည်း တရုတ်၏ဖိအားပေးမှုကြောင့် လားရှိုးမြို့ပေါ်မှ ကိုးကန့်တပ်ဖွဲ့ MNDAA တပ်ဆုတ်ခွာရန် ပြင်ဆင်နေပြီး သင်္ကြန်အပြီး မြန်မာနှစ်ဆန်း (၁) ရက်နေ့ ဖြစ်သည့် ဧပြီလ (၁၇) ရက်အထိ အချိန်ပေးထားကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

လာမည့် ဧပြီ (၂၂) ရက်တွင် တရုတ်၏စီစဉ်ပေးမှုဖြင့် စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့သည် တရုတ်နိုင်ငံ ကူမင်းမြို့၌ ထပ်မံတွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း ဝါရင့်တော်လှန်ရေးရဲဘော်တစ်ဦးက ပြောဆိုထားသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။