လားရှိုးတိုက်ပွဲ လက်နက်ကြီး၊ ရှော့တိုက်ဒုံးများကြောင့် နှစ်ရက်အတွင်း အရပ်သား ၁၄ ဦး သေဆုံး

0
145
Photo – Social Media

သျှမ်းပြည်၊ လားရှိုးမြို့ပေါ် လူနေရပ်ကွက်များသို့ လက်နက်ကြီး၊ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် အမျိုးသမီး ၅ ဦးနှင့် ကလေး ၂ ဦး အပါအဝင် အရပ်သား ၁၄ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း လားရှိုးဒေသခံတို့ထံမှ စုံစမ်းသိရသည်။

ဇူလိုင်လ ၃ ရက်နေ့မှ စတင်ပြီး ဇူလိုင် ၄ ရက်နေ့အထိ လားရှိုးမြို့အခြေစိုက် ရမခ တိုင်းစစ်ဌာနချုပ်နှင့် စစ်ကောင်စီတပ်စခန်းများကို ညီနောင်မဟာမိတ်တပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေစဉ် လူနေရပ်ကွက်များသို့ လက်နက်ကြီး၊ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခြင်းကြောင့် နှစ်ရက်အတွင်း အမျိုးသမီး ၅ ဦးနှင့် ကလေး ၂ ဦးအပါအဝင် အရပ်သား ၁၄ ဦး ထိခိုက်သေဆုံးခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

လားရှိုးမြို့မှ ဒေသခံအမျိုးသားတစ်ဦးက “ဒီမနက် (ဇူလိုင် ၄ ရက်) ရပ်ကွက် (၉) ဘက် ခေးနင်းဘူတာဘက် လက်နက်ကြီးကျပြီး သားအမိ ၂ ယောက် ဆုံးတယ်။ နောက်ထပ် ရပ်ကွက် (၁၂) ဘက်က ရာစုသစ် ကိုယ်ပိုင်ကျောင်းနားလည်း ကျတယ်။ လူထိတာတော့ ဆေးရုံခေါ်သွားနေတယ်လို့ ပြောတယ်။ ရပ်ကွက် (၁၁) အုတ်ကွင်းဘက်လည်း ယောကျ်ားလေး ၂ ယောက် ခေါင်းပြတ်နဲ့ တစ်ယောက် အူပွင့်ပြီး ထပ်သေတယ်” ဟု ပြောသည်။

လက်ရှိအချိန်ထိ လားရှိုးမြို့ ရပ်ကွက် (၅) မန်အိုင်ရှိ ခမရ-၅၀၇ တပ်စခန်းဘက်တွင် လက်နက်ကြီး၊ လက်နက်ငယ် များဖြင့် ဆက်လက်ပစ်ခတ်နေပြီး စစ်ကောင်စီလေယာဉ်ပျံဝဲနေကြောင်း လားရှိုးဒေသခံများက ပြောဆိုသည်။

အလားတူ လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ်ရှိ စစ်ကောင်စီ ခလရ-၂၉၁ တပ်ရင်းကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေစဉ် ဇူလိုင်လ ၄ ရက် နံနက် ၈ နာရီခွဲခန့်တွင် နမ့်ပေါင်ကျေးရွာ ရပ်ကွက် (၃) ရှိ လူနေအိမ်ပေါ် ဒရုန်းဗုံးကျရောက်ပေါက်ကွဲပြီး အမျိုးသမီး ၂ ဦးအပါအဝင် စုစုပေါင်း ၃ ဦး ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများက ပြောသည်။

“ဒီမနက် ၄ နာရီခွဲကတည်းက စနေတာ အခုထိ သေနတ်သံ မငြိမ်သေးဘူး။ နမ့်ပေါင် တံတားနားပစ်တာ ဘုန်းကြီးကျောင်းပေါ် ဒရုန်းကျတာလည်း ကိုရင်ဒဏ်ရာရတယ်။ ၈ နာရီခွဲ ဒီမနက် ရပ်ကွက် (၃) ဘက်မှာ ဒရုန်းလားမသိဘူး အိမ်ပေါ်ကျပြီး ၃ ယောက်မှန်တာ။ တချို့လည်း ကတုတ်ကျင်းတူးထားတာ အဲ့ထဲကို မိုးရေဝင်တော့လည်း နေမရလို့ ထွက်ပြေးရတာပေါ့” ဟု လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။

နမ့်ပေါင်ကျေးရွာတွင် ပြည်သူနေအိမ်ပေါ် ဒရုန်းဗုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် ထိခိုက်ဒဏ်ရာရသူများမှာ အသက် (၄၅) နှစ်အရွယ်ခန့်ရှိ ပီနန်းမို၊ ၁၈ နှစ်အရွယ် သမီးဖြစ်သူနှင့် အသက် (၇၀) နှစ်အရွယ်ခန့်ရှိ ဦးကျော်ပီးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ဇူလိုင်လ ၃ ရက် ညနေ ၅ နာရီခန့်ကလည်း လားရှိုးမြို့ ရပ်ကွက် (၄) ပန်အုပ်ဘုန်းကြီးကျောင်းဝင်းထဲ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့ရာ အရပ်သား (၁) ဦး သေဆုံးပြီး စစ်ဘေးရှောင် ၇ ဦးကျော်နှင့် ကိုရင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖြစ်စဉ်သိရှိသူများ၏ ပြောဆိုမှုအရ သိရသည်။

လားရှိုး ခမရတိုင်းရုံးနှင့် တက္ကသိုလ်ကြားရှိ ရပ်ကွက် (၁) ဗျူဟာလမ်းတွင်လည်း ဇူလိုင်လ ၃ ရက် နံနက်အစောပိုင်းက ဒရုန်းဗုံးကြောင့် အမျိုးသမီးနှင့် ကလေးအပါအဝင် မိသားစု (၆) ဦးလည်း နေအိမ်၌ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း လားရှိုးဒေသခံများက ပြောသည်။

ထို့အပြင် လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာတွင်လည်း ပြည်သူနေအိမ်ပေါ်သို့ ကိုးကန့်တပ်ဖွဲ့ MNDAA ၏ ဒရုန်းဗုံး ကျရောက်ပေါက်ကွဲခြင်းကြောင့် လင်မယားနှစ်ဦး ထိမှန်ခဲ့ပြီး အမျိုးသမီးမှာ ပွဲချင်းပြီးသေဆုံးသွား၍ အမျိုးသားမှာ ခြေထောက်နှစ်ဘက်စလုံး ပြတ်သွားပြီး နမ့်ပေါင်ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံများထံမှ သိရသည်။

သျှမ်းသံတော်ဆင့် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here