လားရှိုး မန်ဘန်စစ်ရှောင်များ အရေးပေါ် အကူအညီလိုနေ

0
270
ပုံစာ - လားရှိုးမြို့ရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ တိမ်းရှောင်နေသည့် မန်ဘန်ရွာစစ်ရှောင်များ

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ် တိုက်ပွဲအတွင်း အရေးပေါ် ထွက်ပြေးတိမ်းရှောင်နေရသည့် မန်ဘန်ကျေးရွာခံ စစ်ရှောင် အယောက် ၅၀ ကျော်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ အဓိက လိုအပ်နေကြောင်း ကူညီပေးနေသူများက ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာသည့် မန်ဘန်တိုက်ပွဲရှောင်များတွင် ကလေးငယ်များ၊ မိခင်များ၊ သက်ကြီးရွယ်အိုများ ပါဝင်ပြီး လားရှိုးမြို့ပေါ်သို့ စစ်ဘေးရှောင်လာကြသည်မှာ ၅ ရက် ခန့် ရှိပြီဟု စစ်ဘေးရှောင်များက ပြောသည်။

မန်ဘန်ကျေးရွာခံတစ်ဦးက “လက်ရှိမှာတော့ မန်ဘန်ရွာအပြင် လွယ်ဆာကျေးရွာခံ ၁၀ ဦးလောက် ကျောင်းမှာ ရောက်ရှိထားတယ်။ အခုလိုအပ်တာက စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေ လိုအပ်နေတယ်။ အလှူရှင်တွေက စားသောက်တဲ့ ဟာတွေ လာရောက်ကူညီပေးတာ ရှိထားပါတယ်။ ဒါပေမယ့် လူဦးရေ များတော့ မလုံလောက်ဘူး” ဟု ပြောသည်။

ဇွန်လ ၁၁ ရက်က ဟိုနားပန်ဟုန် အုပ်စု၊ မန်ဘန်ကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ကိုးကန့်တပ်မတော် (MNDAA) တပ်တို့ အကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြရာ ဒေသခံရွာသားများ က လားရှိုးမြို့ ရပ်ကွက် ၂ ရှိ စံကောင်းလမ်း ခရစ်ယာန်ဘုရားရှိခိုးကျောင်း၌ တိမ်းရှောင်လာကြခြင်း ဖြစ်သည်။

မန်ဘန်ကျေးရွာထဲတွင် လက်ရှိအချိန်ထိ လက်နက်ကျည်ဆံတချို့နှင့် မပေါက်ကွဲသေးသည့် လက်နက်ကြီးတချို့ ကျန်ရှိနေသေးပြီး စစ်ကောင်စီတပ်နှင့် MNDAA ကိုးကန့်တပ်တို့ အကြား ယနေ့အချိန် အထိ နှစ်ဖက်ကြား စစ်ရေးတင်းမာ နေကြဆဲ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ရွာထဲမှာက ရွာစောင့်ဖို့အတွက် အဖိုးတွေ လေး၊ ငါး၊ ခြောက်ဦး လောက် ရှိထားတယ်။ တောထဲမှာလည်း ရွာခံတွေ ရှိထားပါတယ်။ သူတို့က ဒီဘက်လည်း မတိမ်းရှောင်လာရဲသေးကြဘူး။ ရွာထဲမှာလည်း လာလို့မရဘူး။ စစ်ကြောင်းနဲ့ တိုးမှာလည်း စိုးရိမ်ကြတယ်။ ရွာဘေးတွေမှာဆိုလည်း မပေါက်ကွဲသေးတဲ့ လက်နက်ကြီးနဲ့ မိုင်းတွေ ရှိထားတယ်။ ပြီးတော့ စစ်ကောင်စီတွေလည်း ရှိတယ်” ဟု စစ်ရှောင်တစ်ဦးက ပြောသည်။

ဇွန်လ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့သည့် စစ်တပ်နှင့် ကိုးကန့်တပ်တို့အကြားက မန်ဘန်ကျေးရွာအတွင်း တိုက်ပွဲထဲ MNDAA တပ်ဘက်က ပစ်ခတ်လာသည့် လက်နက်ကြီးကျည်မှာ ပြည်သူပိုင် နေအိမ်တစ်လုံးပေါ် ကျရောက် ပေါက်ကွဲခဲ့ရာ ပုန်းရှောင်နေကြသည့် သားအမိနှစ် ကျည်ထိမှန်ခဲ့သည်။

အဆိုပါ လက်နက်ကြီးကျည် ထိမှန်မှုကြောင့် မိခင်ဖြစ်သူ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ၈ လအရွယ် ကလေးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ရာ လက်ရှိတွင် လားရှိုးဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသည်။

တိုက်ပွဲအတွင်း ကျေးရွာခံ နေအိမ် ၃ လုံးလည်း လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့သည့် အပြင် နေအိမ် ၈ လုံး လက်နက်ငယ်များ ထိမှန်ခဲ့ကြောင်း ရွာသားများက ပြောသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here