လက်နက်ကြီးကြောင့် ၁၅ နှစ်အရွယ် ကလေးသူငယ်တစ်ဦး သေဆုံး

0
319
ပုံစာ - စစ်ကောင်စီ လက်နက်ကြီးကြောင့် သေဆုံးသွားသည့်ကလေးသူငယ်။ (Photo - မေတ္တာရှင် လူမှုကူညီရေးအသင်း/နမ့်ဖတ်ကာ)

ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာ – ဇီးတဘန် ကျေးရွာထဲသို့ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် အသက် ၁၅ နှစ်အရွယ် ကလေးသူငယ် တစ်ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု လူမှုကူညီရေးအဖွဲ့များက ပြောသည်။

ဇူလိုင်လ ၁၈ ရက်နေ့ ညနေ့ ၄ နာရီ အချိန်က ဇီးတဘန်ကျေးရွာ အနီးတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့အကြား တိုက်ပွဲအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာမှ ဒေသခံများ ထိခိုက်ဒဏ်ရာရရှိ သေဆုံးခဲ့ခြင်း ဖြစ်သည်။

ထိခိုက်ဒဏ်ရာရသူများကို သွားရောက်ကူညီပေးခဲ့သည့် နမ့်ဖတ်ကာမှ မေတ္တာရှင် လူမှုကူညီရေးအသင်းက “၂၀ အရွယ် ကောင်မလေးက တအားမထိလို့ ဒီမှာ နမ့်ဖက်ကာမှာပဲ သူက အိမ်နဲ့ ဒီတိုက်နယ်ဆေးရုံနဲ့ သူ့ဟာသူ အသွားအပြန် ဆေးထည့်တာလောက်ပဲ လုပ်တယ်။ ၉ နှစ်အရွယ် ကောင်လေးကတော့ အခြေအနေ ကောင်းပါတယ်။ ၄၆ နှစ်အရွယ် အစ်မကတော့ နည်းနည်းတော့ ဆေးတော်တော် ကုရမယ်ထင်တယ်။ သူလည်း အဆုတ်နည်းနည်း ထိထားတယ်” ဟု ပြောသည်။

ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိထားသည့် အသက် ၂၀ နှစ် အရွယ် မိန်းကလေးတစ်ဦးမှလွဲ၍ ကျန် ၃ ဦးကို ကွတ်ခိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု ၎င်းက ဆိုသည်။

ထိုသို့ကွတ်ခိုင် ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့သည့် ဒဏ်ရာရရှိသူ ၃ ဦး အနက် အသက် ၁၅ နှစ်အရွယ် ကလေးမှာ အဆုတ်ဘက်ခြမ်းတွင် လက်နက်ကြီး ထိမှန်ထားပြီး ဒဏ်ရာပြင်းထန်သည့်အတွက် ဆေးရုံ အရောက်တွင် သေဆုံးသွားခဲ့သည်ဟု လူမှုကူညီရေးအသင်းက ပြောဆိုသည်။

ထို့အတူ အသက် ၄၆ နှစ်အရွယ် အမျိုးသမီးမှာလည်း အဆုတ်ဘက်ခြမ်းတွင် လက်နက်ကြီးထိမှန်ပြီး ဒဏ်ရာပြင်းထန်သည့် အတွက် စိုးရိမ်ရသည်ဟု မေတ္တာရှင် လူမှုကူညီရေးအသင်းက ဆက်ပြောသည်။

သို့သော် အသက် ၉ နှစ်အရွယ် ကလေးငယ်မှာ အနည်းငယ်သာ ထိမှန်ဒဏ်ရာ ရရှိထားသည့်အတွက် စိုးရိမ်စရာ မလိုသည့် အခြေအနေတွင် ရှိသည်ဟု ဆိုသည်။

ဇူလိုင်လ တတိယပတ်အတွင်း နမ့်ဖတ်ကာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုများကို လုပ်ဆောင်နေသည်ဟု ဒေသခံများက ပြောသည်။

ဇူလိုင်လ ၁၉ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်က နမ့်ဖတ်ကာကို ဝင်ရောက်သွားလာပြီးနောက်ပိုင်း နေ့လည် ၁ နာရီခွဲခန့်လောက်တွင် လက်နက်ကြီး ပစ်ခတ်သံများကို ကြားနေရသည်ဟု ဒေသခံများက ဆိုသည်။

အလားတူ ဇူလိုင်လ ၁၀ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် ကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာ ဒေသခံ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့နယ်တွင် ဖြစ်ပွားခဲ့သည့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီတပ်တို့အကြားက တိုက်ပွဲအတွင်း ဒေသခံ ၂ ဦး မိုင်းထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here